Samsung ကုမ္ပဏီဟာ ခေါက်ချိုး အသုံးပြုနိုင်တဲ့ “Foldable phone” တလုံးကို ထုတ်လုပ်ဖို့ ကြိုးစားနေတာ နှစ်အတော် ကြာမြင့်ခဲ့ပါပြီ။ လက်ရှိ စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းမျိုးဆက်သစ် ဖြစ်လာနိုင်တဲ့ “Foldable phone” မျိုးကို Samsung အပြင် တခြားစမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း ထုတ်လုပ်ဖို့ ကြိုးစားလျက် ရှိပါတယ်။
Samsung ဟာ “Foldable phone” (ခေါက်ချိုး အသုံးပြုနိုင်တဲ့ ဖုန်း) ပရောဂျက်အတွက် သုတေသနနဲ့ အကောင်အထည် ဖော်ရေးအပိုင်းမှာ နှစ်ပေါင်းများစွာ ငွေအမြောက်အများ သုံးစွဲခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် အတွင်း အပြီးသတ် ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာသာ အဆိုပါ ဖုန်းမျိုးကို Samsung ဘက်က အမှန်တကယ် ထုတ်ပြနိုင်ခဲ့ရင် ဒီဖုန်းဟာ “ကမ္ဘာ့ပထမဆုံး ခေါက်ချိုး အသုံးပြုနိုင်တဲ့ဖုန်း” အဖြစ်လည်း မှတ်တမ်း ဝင်သွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း Samsung ရဲ့ “Foldable phone” ဟာ ဒီဇိုင်းအဆင့်ကနေ ကျော်လွန်ပြီး အမှန်တကယ် ထုတ်လုပ် စမ်းသပ်တဲ့ အဆင့်ရောက်နေပါပြီ။ တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီးဖြစ်တဲ့ Samsung ဟာ ပြီးခဲ့တဲ့ CES 2018 ပွဲမှာတုန်းက အထူးဖိတ်ကြားထားတဲ့ ဧည့်သည့်တွေကို ခေါက်ချိုး အသုံးပြုနိုင်တဲ့ ဖုန်း ရှေ့ပြေးမော်ဒယ်တခုကို တိတ်တဆိတ် ပြသခဲ့ပါသေးတယ်။
Samsung CEO ကိုယ်တိုင်ကလည်း အဆိုပါဖုန်းဟာ “ထွင်လုံး” တခုအနေနဲ့ မဟုတ်ဘဲ အမှန်တကယ် အသုံးချနိုင်မယ့် ဖုန်းတလုံး ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ဖူးတာကြောင့် အမှန်တကယ် မြင်ရဖို့က သိပ်မဝေးတော့ဘူးလို့ ယူဆရပါတယ်။ ဈေးကွက်ကျွမ်းကျင်သူတွေကလည်း Samsung ဟာ အဆိုပါဖုန်းကို လာမယ့် ၂၀၁၉ ခုနှစ်အတွင်းမှာတင် တရားဝင် မိတ်ဆက်သွားဖို့ရှိတယ်လို့ ခန့်မှန်းထားကြပြီဖြစ်ပါတယ်။
Galaxy X နာမည်နဲ့ ထွက်လာမယ်လို့ သတင်းပြေးနေတဲ့ Samsung ရဲ့ “ခေါက်ချိုး အသုံးပြုနိုင်တဲ့ဖုန်း” ဟာ တရားဝင် ထွက်ရှိလာရင်လည်း ဈေးကတော့ သေးမှာ မဟုတ်ပါဘူး။ နာမည်ကြီး ဈေးကွက်ကျွမ်းကျင်သူတွေရဲ့ နောက်ဆုံး ခန့်မှန်းချက်အရ အဆိုပါဖုန်းဟာ ဒေါ်လာ ၁၈၅၀ အထိ ဈေးရှိနိုင်တယ်လို့ သိရပါတယ်။
အဆိုပါ ဈေးနှုန်းအတိုင်းဆိုရင် Galaxy X ဖုန်းဟာ အစပိုင်းမှာ အကန့်အသတ်နဲ့ ထုတ်မယ့် ဖုန်းတလုံး အနေနဲ့သာ ထွက်ရှိလာလောက်ပြီး Hardware ပိုင်းကို အမှန်တကယ် စိတ်ဝင်စား ရူးသွပ်သူတွေပဲ ဝယ်ယူမယ့် ဖုန်းတလုံး ဖြစ်နိုင်ပါတယ်။ အချိန်ကြာလာရင်တော့ ခေါက်ချိုး အသုံးပြုနိုင်တဲ့ OLED Panels တွေလည်း ဈေးကျ လာပြီး လူတိုင်းလက်ထဲမှာ “Foldable phone” ကိုယ်စီနဲ့ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ ပြောလို့ မရပါဘူး။
Ref: GSM Arena, Cnet