IT

128GB RAM ၊ 6TB Storage နဲ့ ထွက်ရှိလာတဲ့ Lenovo "ThinkPad P52" Laptop

တရုတ်နိုင်ငံ အခြေစိုက်၊ နည်းပညာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Lenovo ဟာ “ThinkPad P52” ဆိုတဲ့ Laptop မော်ဒယ်သစ် တမျိုးကို ယခုလအတွင်း တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ThinkPad P52 ဟာ VR အသုံးပြုနိုင်တဲ့ VR-Ready Laptop တလုံး ဖြစ်ပြီး သုံးထားတဲ့ Hardwares တွေကလည်း တကယ့်အမြင့်ဆုံးတွေပဲလို့ ဆိုနိုင်ပါတယ်။

Workstation အမျိုးအစားဖြစ်တဲ့ ThinkPad P52 မှာ 8th Generation Intel Xeon hexa-core processor ၊ Workstation ကွန်ပျူတာတွေ တွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Nvidia Quadro P3200GPU တို့ ပါရှိပြီး RAM အနေနဲ့ 128GB DDR4 memory အထိ ပါရှိပါတယ်။ Storage အနေနဲ့လည်း 6TB အထိ ပါရှိမှာဖြစ်တာကြောင့် Workstation Laptop ကောင်းကောင်းတလုံး လိုချင်သူတွေ စိတ်ကြိုက်ပါပဲ။

ThinkPad P25 ဟာ VR (သို့) 3D Contents တွေကို ရောက်လေရာမှာ ဖန်တီးချင်တဲ့သူတွေအတွက် ရည်ရွယ် ထုတ်လုပ် ထားတဲ့ Laptop တလုံး ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ မကြေညာရသေးဘဲ ယခုလကုန် ခါနီးလောက်မှာ စတင်ရောင်းချဖို့ ရှိတယ်လို့ သိရပါတယ်။

Display အနေနဲ့ ၁၅.၆ လက်မအရွယ် 4K (UHD) 400nits Display ပါရှိပြီး၊ Adobe ကာလာ 100% အပြည့် ဖော်ပြနိုင်တဲ့ Display ဖြစ်ပါတယ်။ Display ကို မောက်စ်နဲ့ ပုံမှန်အသုံးပြုနိုင်သလို Touchscreen အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ Display ကို 4K နဲ့မဟုတ်ဘဲ FullHD Display နဲ့ လိုချင်ရင်လည်း FullHD မော်ဒယ် သပ်သပ် ထုတ်ပေးဦးမှာပါ။ FullHD မော်ဒယ်မှာတော့ 300nits Display ဖြစ်သွားပြီး ၇၂ ရာခိုင်နှုန်း color gamut ဖြစ်သွားပါတယ်။

Ports တွေကတော့ သာမန်မော်ဒယ်မြင့်လက်ပ်တော့တွေမှာ မြင်နေကျအတိုင်း USB 3.1 Type-A Ports ၃ ခု၊ USB-C/Thunderbolt Ports နှစ်ခု၊ HDMI 2.0 Port တခု၊ miniDisplay port တခုနဲ့ SD Card reader တို့ ပါရှိမှာဖြစ်ပါတယ်။ ဒီ့အပြင် မျက်နှာနဲ့ Log-in ဝင်နိုင်တဲ့ Windows Hello စနစ်အသုံးပြုနိုင်တဲ့ အနီအောက်ရောင်ခြည်ကင်မရာတလုံးရယ်၊ သာမန် 720p webcam တလုံးရယ်လည်း ပါရှိမှာပါ။

Keyboard ကတော့ အောက်ခံမီးလင်းတဲ့ Keyboard တခုဖြစ်ပြီး ရေဖိတ်စင်မှု ဒဏ်လည်း ခံနိုင်ရည် ရှိပါတယ်။ ThinkPad စီးရီးတွေမှာ မြင်တွေ့နေကျဖြစ်တဲ့ မောက်စ်အစားထိုးအသုံးပြုနိုင်တဲ့ အနီရောင်ဘုခလုတ် Trackpoint လေးကိုလည်း မြင်တွေ့ရဦးမှာပါ။

Lenovo Thinkpad P52 ကို Windows 10 Pro for Workstations, Windows 10 Pro, Windows 10 Home, Ubuntu နဲ့ Red Hat Linux ဆိုပြီး ဝယ်သူစိတ်ကြိုက် Operating System ငါးမျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ လည်း သိရပါတယ်။

Ref: Gadgets 360, Digital Trends

Loading