ဓာတ်ပုံ ရိုက်တဲ့အခါ ကိုယ့်ပုံကိုယ် စိတ်တိုင်း မကျရင် နည်းမျိုးစုံနဲ့ ကြည့်ကောင်းအောင် ပြန်ပြင်လို့ ရပေမယ့် မျက်တောင် ခတ်မိတာကြောင့် မျက်လုံးမှိတ်လျက်သားကြီး ပုံပေါ်လာတာကိုတော့ အလွယ်တကူ ပြန်ပြင်နိုင်ဖို့ တော်တော် ခဲယဉ်း ပါတယ်။ အထူးသဖြင့် လျှပ်တပြက် ရိုက်လိုက်တဲ့ Snapshot ပုံတွေမှာ ပိုအဖြစ်များတဲ့ ပြဿနာ တခုပါ။ ဒါပေမယ့် မကြာခင် မှာတော့ တိုးတက်လာတဲ့ နည်းပညာနဲ့အတူ ဒီပြဿနာလည်း ပပျောက်သွားတော့မှာပါ။
ဓာတ်ပုံနဲ့ ဗီဒီယိုပိုင်းဆိုင်ရာ Tools တွေကို အဆက်မပြတ ်ဖန်တီးနေတဲ့ Facebook ဟာ အခုအခါမှာလည်း ဓာတ်ပုံထဲက မှိတ်နေတဲ့ မျက်လုံးတွေကို ပြန်ဖွင့်နိုင်မယ့် စနစ်တခုကို သုတေသနပြု၊ အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။
Facebook Researchers တွေက အကောင်အထည်ဖော်နေတဲ့ “Generative Adversarial Network (GAN)” လို့ အမည်ရတဲ့ စနစ်ဟာ “Machine Learning” လို့ ခေါ်တဲ့ အလိုအလျောက် သင်ယူဆုံးဖြတ်နိုင်စွမ်း ရှိတဲ့ ကွန်ပျူတာ ပရိုဂရမ် တခု ဖြစ်ပြီး၊ ဓာတ်ပုံတပုံက မှိတ်နေတဲ့ မျက်လုံးတွေကို သဘာဝကျကျ အစားထိုးပေးနိုင်ပါတယ်။
အဆိုပါ ပရိုဂရမ်ရဲ့ အလုပ်လုပ်ပုံကတော့ အလွယ်ပြောရရင် တခြားဓာတ်ပုံတခုက မျက်လုံးကို ယူပြီး မှိတ်ထားတဲ့ မျက်လုံးတွေ နေရာမှာ အစားထိုးပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးစလွယ် အစားထိုးပေးတာ မဟုတ်ဘဲ မျက်လုံး ပုံသဏ္ဍာန်၊ အရောင်နဲ့ တခြားသွင်ပြင် လက္ခဏာတွေကို ထည့်သွင်းစဉ်းစားပြီးမှ လက်ရှိဓာတ်ပုံနဲ့ အလိုက်ဖက်ဆုံး ဖြစ်အောင် အစားထိုးပေး လိုက်တာပါ။ ယခုနည်းစနစ်နဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံတွေဟာ အလွန်သဘာဝကျတာ တွေ့ရှိခဲ့ ရပါတယ်။ ဒီဓာတ်ပုံတွေကို လူတချို့ကို စမ်းသပ်ပြသခဲ့ရာမှာလည်း ဓာတ်ပုံ အတု၊ အစစ် မခွဲနိုင်ခဲ့ဘူးလို့ သိရပါတယ်။
GAN စနစ်ကို Adobe ရဲ့ နာမည်ကျော် Photoshop Software ရဲ့ Eye-opening Algorithm နဲ့ နှိုင်းယှဉ်စမ်းသပ်ခဲ့ရာမှာ GAN စနစ်ဟာ ပိုမိုကောင်းမွန် သဘာဝကျတဲ့ ရလဒ်တွေကို ပေးစွမ်းနိုင်ခဲ့တာ တွေ့ရပါတယ်။
အောက်ဖော်ပြပါပုံမှာ GAN စနစ်က နမူနာယူထားတဲ့ပုံ၊ မျက်လုံးမှိတ်နေတဲ့မူရင်းပုံနဲ့ Photoshop Eye-opening Alogorthim က ပြင်ထားတဲ့ပုံနဲ့၊ Facebook GAN စနစ်က ပြင်ပေးထားတဲ့ပုံတို့ကို ဘေးတိုက် အစဉ်လိုက် ယှဉ်တွဲ ဖော်ပြထားပါတယ်။
ဓာတ်ပုံရိုက်တဲ့အခါ မျက်လုံးမှိတ်သွားရင် ပြန်ရိုက်နိုင်တယ် ဆိုပေမယ့်လည်း နောက်တကြိမ် ပြန်ရိုက်ဖို့မလွယ်တဲ့ Snapshot ပုံတွေ၊ Group ဓာတ်ပုံတွေမှာ ဒီနည်းစနစ်က တကယ် အသုံးတည့်လာနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်အရင် ဓာတ်ပုံတွေကို အကုန်လေ့လာ ကြည့်ရှုပြီး၊ နမူနာယူ ပြင်ဆင်ပေးမှာ ဖြစ်တာကြောင့် နည်းနည်းတော့ ဒီနည်းစနစ်က ကျောချမ်းစရာ ကောင်းပါတယ်။
Ref: Gadgets 360, Tech Crunch