Google ဟာ တရုတ်နိုင်ငံရဲ့ နာမည်ကြီး e-commerce ကုမ္ပဏီတခုဖြစ်တဲ့ JD.com မှာ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Google ရဲ့ ယခုရင်းနှီးမြှုပ်နှံမှုဟာ အလျင်အမြန် တိုးတက်လာတဲ့ အာရှဈေးကွက်တွင်းကို ထိုးဖောက်မယ့် အစီအစဉ်ရဲ့ ခြေလှမ်း တရပ်ဖြစ်ပြီး၊ အာရှဈေးကွက်ထဲမှာ နေရာယူနေပြီ ဖြစ်တဲ့ ပြိုင်ဘက် Amazon ကုမ္ပဏီကို ယှဉ်ပြိုင်မယ့် ခြေလှမ်း တရပ်လည်း ဖြစ်နိုင်ပါတယ်။
Google နဲ့ JD.com ကုမ္ပဏီတို့ရဲ့ ထုတ်ပြန်ချက်အရ အခုရင်းနှီးမြှုပ်နှံမှုဟာ ကုမ္ပဏီနှစ်ခုကြား ပိုမိုကြီးမားကျယ်ပြန်တဲ့ ပူးပေါင်းမှုရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ သိရပါတယ်။ JD.com အနေနဲ့ Google ရဲ့ Shopping ဝန်ဆောင်မှုတွေမှာ JD.com က ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေကို ကြော်ငြာခွင့်လည်း ရရှိဦးမှာဖြစ်ပါတယ်။ Google လို ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္ပဏီကြီးတခုရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် JD.com အနေနဲ့ တရုတ်နိုင်ငံပြင်ပ၊ အရှေ့တောင်အာရှအပြင် အမေရိကနဲ့ ဥရောပဈေးကွက်တွေ အထိပါ ချဲ့ထွင်ဖို့ အထောက်အကူ ဖြစ်လာမှာပါ။
လက်ရှိ JD.com ရဲ့ ရင်းနှီးမြှပ်နှံသူတွေထဲမှာ တရုတ် e-commerce ဈေးကွက်တွင်းမှာ ကြီးစိုးထားတဲ့ Alibaba Group Holding နဲ့ Walmart တို့ရဲ့ ထိပ်သီးပြိုင်ဘက် ကုမ္ပဏီတခုဖြစ်တဲ့ Tencent Holdings လည်း ပါဝင်ပါတယ်။
Google ဟာ အလယ်အလတ်တန်းစား လူတန်းစားတွေ တိုးတက်များပြားလာတဲ့ အာရှဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်အဟုန်နဲ့ ပြုလုပ်လျက်ရှိပါတယ်။ မကြာသေးခင်ကလည်း Google ဟာ အင်ဒိုနီးရှား အငှားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီတခုဖြစ်တဲ့ Go-Jek မှာ စတော့ရှယ်ယာတွေ ဝယ်ယူခဲ့သလို အိန္ဒိယ e-commerce website တခုဖြစ်တဲ့ Flipkart မှာလည်း မကြာခင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ရှိတယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
Google ဟာ JD.com မှာ ရင်းနှီးမြှုပ်နှံမှုရဲ့ တစိတ်တပိုင်းအဖြစ် JD.com ရဲ့ Class A ရှယ်ယာ အမေရိကန် ဒေါ်လာ ၂၁ သန်းဖိုး ပိုင်ဆိုင်သွားမှာဖြစ်ပြီး JD.com ရှယ်ယာစုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်သွားမှာဖြစ်တယ်လို့ JD ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
Ref: Gadgets 360