Google ဟာ Stock Android စနစ်သုံးဖုန်းတွေမှာ တခါတည်း ပါဝင်ပြီးသားဖြစ်တဲ့ Android Messages ကို အသုံးပြုသူ ပိုများပြားလာစေဖို့အတွက် Desktop Browser Support ပါ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ယနေ့ ဇွန်လ ၁၉ ရက် နေ့က စပြီး ဖုန်းမှာ Android Messages Application အသုံးပြုသူတွေအနေနဲ့ SMS Messages တွေကို မိမိ PC Browser ကနေလည်း ဖတ်နိုင်၊ Reply ပြန်နိုင်ပြီ ဖြစ်ပါတယ်။
Google ဟာ Rich Comminication Services (RCS) ကို Android စနစ်မှာ ထည့်သွင်းပြီးဖြစ်တာကြောင့် ယခု Messages for Web ကနေ စာသား၊ ဓာတ်ပုံ၊ Web Link တွေနဲ့ Sticker စတဲ့ format အကုန်လုံးကို ပို့နိုင်မှာပါ။ လောလောဆယ်မှာ RCS စနစ်ကို Mobile Carrier ကုမ္ပဏီ တော်တော်များများကလည်း Support လုပ်ပေး ထားတာကြောင့် နိုင်ငံအများအပြားမှာ အဆင်ပြေပြေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ကွန်ပျူတာကနေ Messages for Web ကို အသုံးပြုချင်တယ် ဆိုရင်တော့ အရင်ဆုံး သင့်ဖုန်းမှာ Android Messages App နောက်ဆုံးဗားရှင်း ရှိရပါမယ်။ မရှိသေးဘူး ဆိုရင်လည်း Play Store ကနေ Download/Update ပြုလုပ်နိုင်ပါတယ်။ ပြီးရင်တော့ Mobile App ထဲကနေ Message for Web ကို ဖွင့်ပေးရပါမယ်။
ပြီးရင်တော့ ယခု Link ကို သွားပြီး ဖုန်းနဲ့ QR Code ကို Scan ဖတ်ပေးလိုက်ပါ။
https://messages.android.com/
ဒါဆိုရင်တော့ သင့်ဖုန်းနဲ့ ကွန်ပျူတာနဲ့ Sync လုပ်ပေးသွားမှာဖြစ်ပြီး၊ ကွန်ပျူတာ Browser ကနေလည်း SMS တွေ ပို့နိုင်ပြီ ဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းနဲ့ကြား Sync လုပ်တာက မိုဘိုင်းဒေတာနဲ့ အသုံးပြုမှာဖြစ်တာကြောင့် Data ဖိုး ကုန်မှာ ဖြစ်ပြီး၊ ကွန်ပျူတာကနေ Messages ပို့တာက SMS အနေနဲ့ ထွက်သွားမှာဖြစ်တာကြောင့် SMS ဖိုးလည်း ကုန်ပါလိမ့်မယ်။
ဒါပေမယ့် ကွန်ပျူတာအဓိက သုံးဖြစ်နေတဲ့ အချိန်မျိုးမှာ ဖုန်းထဲ ဝင်လာတဲ့ SMS တွေကို ချက်ချင်း Reply ပြန်နိုင်တဲ့ Feature က စိတ်ကျေနပ်စရာပါ။ အဓိကလူသုံးများတဲ့ Chrome, Firefox, Safari, Microsoft Edge စတဲ့ Browser တွေ ကနေ အသုံးပြုနိုင်ပြီး Internet Explorer ကနေတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။
Web Browser ကနေပါ မက်ဆေ့ပို့နိုင်တဲ့ Feature အပြင် ‘Android Message’ mobile app update မှာ နောက်ထပ် အမိုက်စား Feature သစ် ၄ ခု ပါဝင်လာပါသေးတယ်။ အဲဒီထဲကမှ အသုံးဝင်ဆုံး ၁ ခုကတော့ ဖုန်းထဲကို one-time password အနေနဲ့ ဝင်လာတဲ့ ကုဒ်တွေကို အရင်လို အလွတ်ကျက်နေစရာ မလိုတော့ဘဲ ချက်ချင်း Copy ကူးနိုင်တဲ့ Feature ပါ။
နောက်ထပ်တခုကတော့ တဖက်က ပို့လိုက်တဲ့စကားကို App က အလိုလိုသိပြီး လိုက်ဖက်မယ့် Reply မျိုး ဖော်ပြပေး ထားမယ့် Smart Reply လုပ်ဆောင်ချက်ဖြစ်ပါတယ်။ Gmail က Smart Reply ပုံစံမျိုးပါပဲ။ လောလောဆယ်တော့ English ဘာသာစကား ၁ မျိုးပဲ ရပါလိမ့်ဦးမယ်။ နောက်တခုကတော့ SMS အနေနဲ့ ဝင်လာတဲ့ Link တွေကို Preview ပြသပေးထားမှာ ဖြစ်တာကြောင့် ကိုယ် Click နှိပ်သင့်၊ မနှိပ်သင့် ပိုမို စဉ်းစားလာနိုင်မှာပါ။
နောက်ဆုံး Feature သစ်တခုကတော့ Compose ဘားဘေးက Plus ခလုတ်လေးနှိပ်ပြီး GIF တွေကို ရှာနိုင်တဲ့ Feature ဖြစ်ပါတယ်။ အထက်ပါ Feature လေးခုထဲမှာ One-time Password တွေကို Copy ကူးနိုင်တဲ့ လုပ်ဆောင်ချက်က လွဲရင် ကျန်တဲ့ ၃ ခုလုံးက Apple ရဲ့ iMessages App ထဲမှာ ပါဝင်ပြီးသား Feature တွေဖြစ်ပါတယ်။
Ref: Engadget, The Verge, Google