မကြာသေးခင်က Vivo ဟာ Nex S နဲ့ Nex A ဆိုတဲ့ စမတ်ဖုန်း ၂ မျိုးကို မိတ်ဆက်သွားခဲ့တာကို မှတ်မိကြမှာပါ။ အဆိုပါ ဖုန်းတွေရဲ့ ထူးခြားချက်ကတော့ iPhone X လိုမျိုး Screen အပေါ်ဘက်မှာ ‘notch’ မပါဝင်ဘဲ Screen အပြည့်နဲ့ ဖြစ်ကာ၊ ရှေ့ကင်မရာက ရိုက်မယ်ဆိုမှ အလိုလို ဆွဲထွက်လာတဲ့ ဒီဇိုင်းနဲ့ လူအများ စိတ်ဝင်စားမှုရရှိခဲ့တဲ့ ဖုန်းတွေဖြစ်ပါတယ်။ အခုအခါမှာတော့ Oppo ကုမ္ပဏီကလည်း အလားတူဒီဇိုင်းမျိုးနဲ့ “Find X” ဆိုတဲ့ စမတ်ဖုန်းကို မိတ်ဆက်ပြသ လိုက်ပါပြီ။
ပြင်သစ်နိုင်သံ၊ ပါရီမြို့မှာ မနေ့က မိတ်ဆက်ခဲ့တဲ့ Oppo Find X စမတ်ဖုန်းမှာ Vivo Nex ဖုန်းတွေနဲ့ မတူတဲ့ တချက် ကတော့ Nex ဖုန်းတွေလို ရှေ့ကင်မရာ တခုတည်း ဖုန်းကိုယ်ထည်က ထွက်လာမှာ မဟုတ်ဘဲ၊ ရှေ့ကင်မရာ တလုံးကော နောက်ကင်မရာ နှစ်လုံးပါ၊ စုစုပေါင်း ကင်မရာ ၃ လုံးစလုံးက လိုအပ်မှ ဖုန်းအနောက်ဘက် Slider အကန့်ကနေ အပေါ်ကို ဆွဲထွက်လာမယ့်ဒီဇိုင်းကို အသုံးပြုထားတာဖြစ်ပါတယ်။
ဖုန်းကိုယ်ထည်မှာ ကင်မရာနေရာ သက်သက် မပေးရတော့တာကြောင့် Oppo Find X စမတ်ဖုန်းမှာ ဖုန်းဖန်သား မျက်နှာပြင် တခုလုံးက ကိုယ်ထည် အပြည့်နီးပါး ပါဝင်ပြီး၊ ဘောင်ဆိုလို့ လုံးဝ မပါတော့တာ တွေ့ရပါတယ်။
Find X ဖုန်းရဲ့ အနောက်ဘက် ထိပ်ပိုင်းတခုလုံးဟာ လိုအပ်မှ အပြင်ကို ထွက်လာမယ့်၊ မော်တာတပ် Slider ဒီဇိုင်းဖြစ်ပြီး၊ အဆိုပါ Slider မှာ 25-megapixel ရှေ့ကင်မရာ ၁ လုံး၊ 3D မျက်နှာဖတ်သားမှု စနစ် နဲ့ 16-megapixel နဲ့ 20-megapixel သုံး Dual-Camera Setup တို့ ပါဝင်ပါတယ်။ Vivo Nex S ဖုန်းလိုတော့ In-Display Fingerprint Sensor ပါဝင်တာ မတွေ့ရဘဲ၊ Face Unlock စနစ်ကို လုံခြုံရေးအတွက် အဓိကအသုံးပြုရမှာပါ။
ကင်မရာ Slider က သုံးပြီးတာနဲ့ အလိုလို အထဲပြန်ဝင်သွားမှာ ဖြစ်ပါတယ်။ Oppo ကုမ္ပဏီရဲ့အဆိုအရ ကင်မရာ Slider ထွက်လာတဲ့အချိန်ဟာ ဝ.၅ စက္ကန့်သာ ကြာမြင့်တယ်လို့ သိရပါတယ်။ The Verge ရဲ့ စမ်းသပ်ပြချက်အရလည်း Slider မြန်နှုန်းဟာ တော်တော်လေး သဘောကျစရာ ဖြစ်တာကို တွေ့မြင်ရမှာပါ။
အရင်က ဖော်ပြခဲ့သလိုပဲ Oppo ဟာ Find X စမတ်ဖုန်းမှာ Samsung ရဲ့ Super AMOLED Edge Display ကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဒါကြောင့် ဖုန်းက Samsung Galaxy S9 Plus နဲ့ နည်းနည်းဆင်တူတယ် ထင်ရပေမယ့်၊ ကွာခြားမှုတွေတော့ အများကြီးရှိပါတယ်။
Oppo Find X ဖုန်းဟာ ထူးခြားတဲ့ဒီဇိုင်းအပြင် သုံးထားတဲ့ Specifications တွေကလည်း Premium ဖုန်းတလုံးမှာ ရှိသင့်ရှိထိုက်တဲ့ Specifications တွေပါပဲ။ လက်ရှိအမြန်ဆုံးနဲ့အကောင်းဆုံး Processor တခုဖြစ်တဲ့ Qualcomm Snapdragon 845 SoC ၊ 8GB RAM နဲ့ 256GB Storage တို့ ပါဝင်မှာပါ။ ဘက်ထရီအတွက် 3,730mAh ဘက်ထရီကို အသုံးပြုထားပြီး၊ Oppo ရဲ့ ကိုယ်ပိုင်အားအမြန်သွင်းနည်းပညာ VOOC စနစ်လည်း ပါဝင်လာမှာဖြစ်ပါတယ်။
Display က 6.4-inch OLED Display ဖြစ်ပြီး၊ 1080p (FHD+) Resolution နဲ့ ဖြစ်ပါတယ်။ Dual-SIM ဖုန်းတလုံးဖြစ်ပြီး Android 8.1 Oreo စနစ်နဲ့ ထွက်ရှိလာမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။
Oppo Find X စမတ်ဖုန်းဟာ Global LTE အသုံးပြုနိုင်ပြီး၊ မြောက်အမေရိကနဲ့ ဥရောပဈေးကွက်တို့မှာ ရောင်းချသွားမယ့် ပထမဆုံး Oppo စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ နောက်ထပ်ဘယ်ဈေးကွက်တွေမှာ ရောင်းချသွားမလဲ ဆိုတာရယ်၊ ဈေးနှုန်းရယ်ကိုတော့ မသိရှိရသေးပါဘူး။ တရုတ်ပြည်တွင်းမှာတော့ ဇွန်လ ၁၉ ရက်နေ့က စတင်ပြီး ရောင်းချနေပြီလို့ သိရပါတယ်။
ဒါကြောင့် အာရှဈေးကွက်အတွင်းကိုလည်း သိပ်မကြာခင်အချိန်အတွင်းမှာ ရောက်ရှိလာမယ့် ထူးခြားတဲ့ စမတ်ဖုန်း တလုံး ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – Samsung ရဲ့ “Edge” Displays တွေကို အသုံးပြုတော့မယ့် Oppo
အထုတ်အသွင်း လုပ်နိုင်တဲ့ ရှေ့ကင်မရာနဲ့ ဘောင် မပါဝင်တဲ့ Vivo “Nex” စမတ်ဖုန်း
Ref: The Verge, Android Central