IT

“Error 53” အမှုကြောင့် ကန်ဒေါ်လာ ၆ ဒဿမ ၆ သန်း ဒဏ်ရိုက်ခံလိုက်ရတဲ့ Apple

Apple ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က iPhone တွေမှာ ဖြစ်ပွားခဲ့တဲ့ “Error 53” ပြဿနာကြောင့် သြစတြေးလျမှာ ကန်ဒေါ်လာ ၆ ဒဿမ ၆ သန်း ဒဏ်ရိုက်ခံလိုက်ရပါတယ်။

၂၀၁၆ ခုနှစ်လောက်က iPhone တော်တော်များများမှာ ဖြစ်ပွားခဲ့တဲ့ “Error 53” ပြဿနာဟာ Touch ID (Home Button) ကို Apple က အသိအမှတ် မပြုထားတဲ့ Service ဆိုင်မှာ ပြင်ဆင် လဲလှယ်ထားတဲ့ iPhone 6 ပိုင်ရှင်တွေမှာ အဓိက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အပြင်ဆိုင်ကနေ Hardware လဲထားတဲ့ iPhone ပိုင်ရှင်တွေဟာ Software Update လုပ်အပြီးမှာ ဖုန်းက ဘယ်လိုလုပ်လုပ် လုံးဝ သုံးမရတော့ဘဲ “bricked” ဖြစ်သွားခဲ့တဲ့ ပြဿနာတခုပါ။

အဆိုပါ Error စတင် ပေါ်ပေါက်လာတုန်းက Apple က ဒါဟာ တခြား “စိတ်မချရတဲ့” ပြင်ပအစိတ်အပိုင်းတွေ လဲလှယ် တပ်ဆင်ခြင်း အန္တရာယ်ကနေ iPhone ကို ကာကွယ်ပေးဖို့ လုပ်ထားတဲ့ လုံခြုံရေး Feature တခုဖြစ်တယ် ဆိုပြီး တာဝန်ယူဖို့ ငြင်းဆန်ခဲ့ပါသေးတယ်။ ဒါပေမယ့် “Error 53” ဖြစ်တဲ့ iPhone တွေ အရမ်းများလာတဲ့ နောက်မှာတော့ Software Update အသစ်တခု ထုတ်ပေးပြီး ပြန်ကောင်းအောင် လုပ်ပေးခဲ့ရပါတယ်။

Software Update နဲ့ ပြင်ပေးပြီးမှာတော့ Apple က ဒီ “Error 53” ပြဿနာဟာ ဖုန်းထုတ်လုပ်တဲ့ အခါမှာ စမ်းသပ်တဲ့ “Factory Test” တခု ဖြစ်ပြီး၊ သုံးစွဲသူတွေဆီ ရောက်ဖို့ မရည်ရွယ်ခဲ့ဘူးလို့ ဝန်ခံခဲ့ရပါတယ်။

သုံးစွဲသူတွေ နစ်နာခဲ့ရတဲ့ အဆိုပါဖြစ်ရပ်ကြောင့် သြစတြေးလျ စားသုံးသူ ကာကွယ်ရေးနှင့် ယှဉ်ပြိုင်မှု ကြီးကြပ်ရေး ကော်မရှင် (ACCC) က Apple ကုမ္ပဏီကို ၂၀၁၇ ခုနှစ်မှာ စတင် တရားစွဲဆိုခဲ့ပြီး၊ ယနေ့မှာတော့ Apple အနေနဲ့ ကန်ဒေါ်လာ ၆ ဒဿမ ၆ သန်း နစ်နာကြေး ပေးဆောင်ဖို့ ပြစ်ဒဏ် ချမှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

ACCC ရဲ့ ကော်မရှင်နာဖြစ်သူ Sarah Court က “ထုတ်ကုန်ပစ္စည်းတခုက ချို့ယွင်းမှုရှိတယ်ဆိုရင်၊ သြစတြေးလျ စားသုံးသူကာကွယ်ရေး ဥပဒေအရ အဆိုပါ ထုတ်ကုန်ပစ္စည်းကို သုံးစွဲသူကို ပြန်လည်ပြင်ဆင်ပေး၊ အစားထိုး လဲလှယ်ပေး ရပါမယ်။ တချို့ အခြေအနေတွေမှာဆို တန်ဖိုးငွေတောင် ပြန်တောင်းလို့ ရပါတယ်။ Apple ရဲ့ လုပ်ရပ်က သုံးစွဲသူတွေ အနေနဲ့ ဖုန်းကမကောင်းလို့ အပြင်မှာ ပြင်လိုက်မိတာကြောင့် နောက်ထပ်ဘာမှ ပြင်ပေးတာမျိုး ခံစားခွင့်မရှိတော့ဘူးဆိုပြီး အထင်ရောက်စေခဲ့ပါတယ်” လို့ ပြောကြားထားပါတယ်။

ပြင်ဆင်မှုတခုဟာ ဖုန်းရဲ့ အဓိကစနစ်ကို မထိခိုက်စေရင် သုံးစွဲသူတွေ အနေနဲ့ ဖုန်းမှန် ကွဲသွားတာဖြစ်ဖြစ်၊ တခြားတခုခု မကောင်းတော့တာ ဖြစ်ဖြစ် ပြင်ပဆိုင်တွေ၊ ကုမ္ပဏီတွေမှာ စိတ်ကြိုက်ပြင်ဆင်ခွင့်ရှိသင့်တယ်လို့လည်း သူမက ထပ်မံ ပြောကြားခဲ့ပါတယ်။

တရားရုံးက Apple က ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်မချခင်ကတည်းက Apple ကုမ္ပဏီဟာ Error 53 ကြောင့် နစ်နာမှုရှိခဲ့သူ သုံးစွဲသူအယောက် ၅,၀၀၀ ခန့်ကို နစ်နာကြေးပေးအပ်ဖို့ သဘောတူညီခဲ့ပြီး ဖြစ်ပါတယ်။ ဒီ့အပြင် သြစတြေးလျနိုင်ငံ စားသုံးသူကာကွယ်ရေး ဥပဒေနဲ့အညီ အာမခံကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးဖို့ ကုမ္ပဏီ ဝန်ထမ်းတွေကိုလည်း လေ့ကျင့်ပေးမှာ ဖြစ်ကြောင်း ကတိကဝတ် ပြုထားပါတယ်။

Apple ဟာ “Error 53” ပြဿနာကြောင့် U.S မှာလည်း တရားစွဲခံရပေမယ့်၊ Software Update နဲ့ ပြင်လည် ပြင်ဆင် ပေးခဲ့မှုကြောင့်ရယ်၊ အာမခံသက်တမ်း ပြင်ပမှာ ဖုန်းလဲလှယ်ခဲ့တဲ့သူတွေအတွက် ကုန်ကျငွေ ပြန်လည် ပေးအပ်ခဲ့မှုတွေကြောင့် ပြစ်ဒဏ် မချခံခဲ့ရပါဘူး။

Ref: Engadget, Mac Rumors, Business Insider

Loading