Facebook ဟာ ပြီးခဲ့တဲ့နှစ်၊ ဇူလိုင်လ လောက်တုန်းက Messenger App ထဲမှာ ကြော်ငြာတွေ စတင်ပြသဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Messenger အတွင်းမှာ စာရေးသူတို့ အခုထိ မြင်နေကြတဲ့ ကြော်ငြာတွေက စာသားနဲ့ ဓာတ်ပုံသုံး ကြော်ငြာတွေပဲဖြစ်လို့ သိပ်တော့ မျက်စိမနောက်သေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် မကြာခင်မှာတော့ ဒီထက်ပိုပြီး Messenger သုံးရတာ မျက်စိနောက်လာတော့မှာပါ။
လာမယ့် တနင်္လာနေ့၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ Facebook ဟာ Messenger App ထဲမှာ ဗီဒီယိုကြော်ငြာတွေကိုပါ စတင်ပြသမှာ ဖြစ်ပြီး၊ ကိုယ်မဖွင့်ပေမယ့် အလိုလို ပွင့်နေမယ့် Autoplay ဗီဒီယို ကြော်ငြာတွေ ဖြစ်ပါတယ်။ Facebook ရဲ့ အဆို အရတော့ ဒီကြော်ငြာတွေကို အသုံးပြုသူတွေဘက်က ဘယ်လို တုံ့ပြန်မှုရှိလဲ ဆိုတာကို စောင့်ကြည့်ပြီးမှ ဆက်ကြော်ငြာ၊ မကြော်ငြာကို ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အသုံးပြုသူတွေကို အကောင်းဆုံး အတွေ့အကြုံ ပေးစွမ်းဖို့က ကျနော်တို့ရဲ့ ဦးစားပေး ရည်ရွယ်ချက်ပါပဲ။ ဒီကြော်ငြာတွေ အလုပ်ဖြစ်၊ မဖြစ်ဆိုတာကို ကျနော်တို့ သေချာ မသိသေးပါဘူး။ ဒါပေမယ့် အရင်ကလည်း ရိုးရိုးကြော်ငြာတွေကို စတင် စမ်းသပ်ခဲ့တုန်းက အသုံးပြုသူတွေရဲ့ Messenger အသုံးပြုမှုပုံစံမှာ ပြောပလောက်တဲ့ ပြောင်းလဲမှုမျိုး မရှိခဲ့တာ တွေ့ရပါတယ်” လို့ Facebook Messenge ရဲ့ ကြော်ငြာဌာနမှူး Stefanos Loukakos က Recode သတင်းဌာနကို ပြောကြားထားပါတယ်။
သူက ဆက်လက်ပြီး “ကြော်ငြာတွေပါလာလို့ Messenger ကနေ မက်ဆေ့ချ် ပို့တာလည်း မနည်းသွားပါဘူး။ ရိုးရိုး ကြော်ငြာနဲ့ ဗီဒီယို ကြော်ငြာနဲ့ကတော့ မတူဘူးပေါ့ဗျာ။ ဒါပေမယ့် သိပ်ပြီး ပြောင်းလဲမှုရှိမယ်လို့ မထင်ပါဘူး” လို့ ဆိုပါတယ်။ ဒီလိုဆိုရင်တော့ Messenger App မှာ Autoplay ဗီဒီယို ကြော်ငြာတွေထည့်ဖို့က သေချာသလောက် ဖြစ်နေပြီလို့ ယူဆရပါတယ်။
Messenger မှာပါ Autoplay ဗီဒီယိုကြော်ငြာတွေ ပါလာပေမယ့် အဆိုပါ ကြော်ငြာ ဗီဒီယိုတွေဟာ ဒီတိုင်းဆို အသံ ပိတ်နေမှာ ဖြစ်ပြီး၊ အသုံးပြုသူက အသံဖွင့်ပေး “unmute” လုပ်လိုက်မှ အသံပွင့်လာမှာ ဖြစ်တာကြောင့် နည်းနည်းတော့ ခံသာပါသေးတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အတွင်းရေး မက့်ဆေ့ချ်တွေ ပြောတဲ့နေရာ၊ Inbox တည့်တည့်ကြီးမှာ ကြော်ငြာ ဗီဒီယိုတွေ မြင်နေရမှာက စိတ်ခုစရာ ဖြစ်နေမှာ အမှန်ပါပဲ။
Ref: Recode, Gadgets 360