IT

Group တွေကို လစဉ်ကြေးပေးမှ ဝင်လို့ရမယ့် စနစ်တခုကို Facebook စမ်းသပ်နေ

ငွေရှာနည်းအသစ်တွေကို ကုမ္ပဏီအတွက်ကော၊ အသုံးပြုသူတွေအတွက်ပါ တခုပြီးတခု ထုတ်ပေးနေတဲ့ Facebook ရဲ့ နောက်ထပ် စနစ်အသစ်တခု ထပ်မံပေါ်ထွက်လာပြန်ပါပြီ။

Facebook ဟာ Group ထဲက Posts တွေ၊ Contents တွေကို ကြည့်ချင်ရင် လစဉ်ကြေးပေးပြီးမှ ဝင်ရောက် ကြည့်ရှုလို့ ရမယ့် Feature တခုကို စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။ ဒီ Feature အသစ်ကို လောလောဆယ်တော့ လူတိုင်း အသုံးပြု နိုင်ဦးမှာမဟုတ်ဘဲ Facebook က ရွေးချယ်ထားတဲ့ Group Admin အချို့ဆီမှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

အဆိုပါ Group Admins တွေမှာ မူရင်း Group ကနေ နောက်ထပ် Subscriber သီးသန့် Group တခု ထပ်ထောင်လို့ရမယ့် Option တခုကို ယနေ့၊ ဇွန်လ ၂၂ ရက်နေ့ကစပြီး တွေ့မြင်ရမှာပါ။

” Group Admin တွေဟာ အချိန်ကုန်ခံ၊ လူအပင်ပန်းခံပြီး သူတို့ Groups တွေကို ကိုင်တွယ်ထိန်းသိမ်းနေရပါတယ်။ Group Admin တချို့က သူတို့ မန်ဘာတွေကို ပိုမိုကောင်းမွန်တဲ့ အကြောင်းအရာတွေ တင်ဆက်ပေးဖို့နဲ့ ဒီလူမှုကွန်ရက် အသိုင်းအဝိုင်းမှာ ပိုမိုအားထည့်လုပ်ဆောင်ဖို့အတွက် အကူအညီပေးနိုင်မယ့် Tools တွေ လိုအပ်ကြောင်း ကျနော်တို့ကို တောင်းဆိုလာကြပါတယ်” လို့ Facebook Groups ရဲ့ ထုတ်ကုန်ဒါရိုက်တာဖြစ်သူ Alex Deve က ပြောကြားပါတယ်။

 

 

“ယနေ့မှာတော့ ဒီလိုလူမှုကွန်ရက်အသိုင်းအဝိုင်းတွေကို ဦးဆောင်နေတဲ့ Group Admin တွေကို ဆက်လက် ရပ်တည် နိုင်ဖို့ အတွက် Subscriptions (လစဉ်ကြေးစနစ်) ကို ကျနော်တို့ စတင်စမ်းသပ်လိုက်ပြီဖြစ်ပါတယ်” လို့ သူက ဆက်လက် ပြောကြားခဲ့ပါတယ်။

Facebook ရဲ့ စမ်းသပ်ဆဲ Subscription Feature ကို ရရှိအသုံးပြုနေတဲ့ Group ထဲမှာ “Declutter My Home” လို့ ခေါ်တဲ့ Group တခုလည်း ပါဝင်ပါတယ်။ အဆိုပါ Group ရဲ့ Subscriber-only Group ခွဲတခုဖြစ်တဲ့ Organize My Home ထဲကို ဝင်ဖို့အတွက် လစဉ်ကြေး တလ ၁၅ ဒေါ်လာသွင်းဖို့ လိုအပ်ပြီး၊ အဆိုပါ Group ထဲမှာ အိမ်ခန်းပြင်ဆင် ဖွဲ့စည်းမှုနဲ့ သက်ဆိုင်တဲ့ Tutorials တွေ၊ Live Videos တွေအပါအဝင် သီးသန့် Contents တွေကို လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

“Organize My Home လစဉ်ကြေး Group အသစ်ကြောင့် ကျနော့်အနေနဲ့ Group မန်ဘာတွေကို ပရောဂျက် အသေးစားလေးတွေ၊ Group Challenge တွေ၊ လေ့ကျင့်ခန်းအစီအစဉ်တွေ၊ Live Q&A ကဏ္ဍတွေစတဲ့ ပိုမိုကောင်းမွန် အသေးစိတ်ကျတဲ့ နည်းလမ်းတွေနဲ့ ပြသပေးလာနိုင်ပါတယ်။ တချိန်တည်းမှာပဲ အခမဲ့ဝင်နိုင်တဲ့ မူလ Group ထဲမှာလည်း အိမ်ခန်းတွင်းပြင်ဆင်မှုဆိုင်ရာ အခမဲ့အကြံဉာဏ်တွေ ဆက်လက်ပေးနေနိုင်ပါတယ်” လို့ အဆိုပါ Group တည်ထောင်သူ Sarah Mueller က ဆိုပါတယ်။

လစဉ်ကြေးပေး Group အစီအစဉ်တွေဟာ Facebook က တရားဝင်မလုပ်ပေးလိုက်ခင်ကတည်းက ရှိနေပြီးသား Groups တွေ ဆိုရင်လည်း မမှားပါဘူး။ ကျနော်တို့ ပြည်တွင်းမှာလည်း အဆိုပုံစံ Group တွေ အများအပြားရှိပါတယ်။ အဆိုပါ Secret Groups တွေဟာ Group ပိုင်ရှင်ကို ပိုက်ဆံပေးထားတဲ့လူတွေ၊ ဒါမှမဟုတ် အဆိုပါပိုင်ရှင် ဖွင့်ထားတဲ့ သင်တန်း Service ကို ယူထားတဲ့လူတွေပဲ ဝင်ခွင့်ရတဲ့ Group အမျိုးအစားတွေ ဖြစ်ပါတယ်။

လက်ရှိ စမ်းသပ်ဆဲအချိန်မှာတော့ Facebook ကုမ္ပဏီက Group ပိုင်ရှင်တွေ ရတဲ့ လစဉ်ကြေးထဲကနေ ပြန်ဖြတ်တာ မျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။ နောက်ပိုင်း တရားဝင်ထွက်လာရင်တော့ ပြန်ဖြတ်၊ မဖြတ် စောင့်ကြည့်ရမှာပါ။

ဆက်စပ် သတင်းလင့်ခ်Messenger မှာ Autoplay ဗီဒီယိုကြော်ငြာတွေ စတင်ပြသတော့မယ့် Facebook

Ref: Engadget, The Verge

Loading