မကြာခင် အချိန်အတွင်းမှာ သင့်ဘဏ်ကတ်ရဲ့ PIN နံပါတ်ကိုတောင် မှတ်ထားစရာ မလိုတော့တဲ့ နည်းပညာတွေကို မြင်တွေ့ အသုံးပြုနိုင်တော့မှာပါ။
အခုဆိုရင် ဒတ်ချ်အခြေစိုက် ချစ်ပ်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Gemalto ဟာ Bank of Cyprus နဲ့ ပူးပေါင်းကာ လက်ဗွေရာ ဖတ်နိုင်တဲ့ Sensor ပါဝင်တဲ့ Debit Card တမျိုးကို စတင်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ အခုအခါမှာ အဆိုပါ ကတ်တွေကို Bank of Cyprus ရဲ့ Debit Card အသုံးပြုသူ Customers တိုင်းလိုလို အသုံးပြုနေကြပြီ ဖြစ်ပြီး၊ ကတ်နဲ့ ငွေပေးချေမှုတွေကို ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်လာတယ်လို့ သိရပါတယ်။
လက်ဗွေရာဖတ် Sensor ပါတဲ့ ကတ်တွေကို ကတ်ဖတ်စက်မှာ Swipe ထည့်ပြီး ငွေပေးချေနိုင်သလို၊ Contactless Payment လို့ ခေါ်တဲ့ ကတ်နဲ့ စက် ထိစရာမလိုတဲ့ ငွေပေးချေမှု စနစ်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – Contactless Payment စနစ်နဲ့ ငွေတောင်းခံနေပြီဖြစ်တဲ့ လန်ဒန်က လမ်းဘေး အနုပညာရှင်များ
Gemalto က ထုတ်တဲ့ကတ်တွေဟာ တခြားဘဏ်ကတ်တွေအတိုင်း တပုံစံတည်း ဖြစ်ပေမယ့် ထူးခြားတာတခုက Gemalto ကတ်တွေရဲ့ ညာဘက်ထောင့်နားမှာ ဆန်ဆာသေးသေးလေး တခုပါရှိတာ ဖြစ်ပါတယ်။ တခြား ရိုးရိုးကတ်တွေလို PIN နံပါတ် ထည့်ပေးစရာ၊ ကတ်လက်ခံတဲ့စက်မှာ Fingprint နှိပ်ပေးစရာလိုဘဲ၊ ကတ်ပေါ်မှာတင် လက်ဗွေတင်ပေးလိုက်တာနဲ့ ပိုင်ရှင်စစ်မှန်လားဆိုတာ အလိုအလျောက်စစ်ဆေးပေးမှာဖြစ်ပါတယ်။
Contactless Payment စနစ်မှာလည်း ကတ်ကို ကိုင်ပြီး စက်နားပြလိုက်ရုံနဲ့ PIN ရိုက်ပေးစရာ မလိုဘဲ ငွေတန်း ချေနိုင်မှာပါ။ Contactless Payment မှာ အစကတည်းက PIN ရိုက်စရာ မလိုပေမယ့်၊ ကိုယ်ငွေချေမယ့် ပမာဏက နည်းနည်း များသွားရင်တော့ PIN ရိုက်ပေးရပါတယ်။ Gemalto ကတ်တွေနဲ့ ဆိုရင်တော့ ဘယ်ငွေ ပမာဏ မဆို လျင်မြန် စိတ်ချစွာ ငွေပေးချေနိုင်မှာပါ။
လက်ဗွေရာ Sensor ပါတဲ့ ကတ်တွေကို ပထမဦးဆုံး လျှောက်ထားတဲ့အခါ ဒေသတွင်းက သက်ဆိုင်ရာ ဘဏ်မှာ သွားပြီး ကိုယ့်လက်ဗွေရာကို Register လုပ်ပေးဖို့တော့ လိုအပ်ပါတယ်။ လက်ဗွေရာ ဒေတာကို ဗဟို Database ထဲမှာ မဟုတ်ဘဲ၊ ကတ်ထဲမှာပဲ သိမ်းထားတဲ့အတွက် လုံခြုံရေးလည်း ပိုမိုစိတ်ချရမှာပါ။
“ဂဏန်း ၄ လုံးနဲ့ PIN နံပါတ်တွေကို သုံးပြီး ပိုင်ရှင် စစ်မှန်ကြောင်း သက်သေပြရတဲ့ နည်းလမ်းက ဒိတ်အောက်သွားပါပြီ။ ကိုယ့်ရှေ့က လူတယောက်က ကိုယ့်ကတ် PIN နံပါတ် ကိုယ်မေ့သွားလို့ တိုင်ပတ်နေတာမျိုး မြင်ဖူးတယ်မလား။ သူ့အတွက်ကော သူ့အနောက်က တန်းစီနေတဲ့ ကိုယ့်အတွက်ပါ ဘယ်လောက် အောင့်သီးအောင့်သက် ဖြစ်ရတဲ့ မြင်ကွင်းမျိုးလဲဆိုတာ စဉ်းစားကြည့်ပါ။ PIN တွေရဲ့ အကြီးဆုံးပြဿနာတွေက နံပါတ် (၁) မေ့သွားနိုင်တာပါ။ နံပါတ် (၂) က နံပါတ်ပြောင်းပစ်လို့ရတာနဲ့ နံပါတ် (၃) က ကံမကောင်းရင် မသမာသူတွေ လက်ချက်ခံရနိုင်တာပါ” လို့ Gemalto ကုမ္ပဏီဝန်ထမ်းတဦးဖြစ်သူ Howard Berg က The Sun သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
လက်ဗွေရာ Sensor ပါတဲ့ဘဏ်ကတ်တွေကို ထုတ်လုပ်ဖို့ UK က ဘဏ်တော်တော်များများက စိတ်ဝင်စားလျက်ရှိပြီး၊ နောက်နှစ်အတွင်းမှာ ဗြိတိန်မှာ လက်ဗွေရာဆန်ဆာပါတဲ့ ဘဏ်ကတ်တွေကို စတင်မြင်တွေ့ရဖို့ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
လက်ဗွေရာ Sensor လို ဇီဝအချက်အလက်သုံး စစ်ဆေးမှု နည်းပညာ ပါဝင်တဲ့ ကတ်တွေဟာ လက်ရှိ အသုံးပြုနေတဲ့ စက်ပစ္စည်းတွေမှာ အဆင်သင့် အသုံးပြုနိုင်တာကြောင့် စက်ပစ္စည်း၊ အခြေခံ အဆောက်အအုံ အသစ်တွေလည်း မလိုတဲ့ အတွက်ကြောင့် မကြာမီအချိန်အတွင်း တကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့လာရဖို့ရှိပါတယ်။
Ref: DailyMail, The Sun