တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ကုမ္ပဏီ Xiaomi ဟာ ကုမ္ပဏီ တည်ထောင်သူလည်းဖြစ်၊ လက်ရှိ CEO လည်းဖြစ်တဲ့ Lei Jun (လေကျွင်း) ကို ဆုကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ပေးအပ်လိုက်ပါတယ်။ ဒီဆုကြေးငွေ ပမာဏဟာ ကမ္ဘာ့သမိုင်းတလျှောက် အမှုဆောင် အရာရှိတွေ ရရှိခဲ့တဲ့ ဆုကြေးငွေတွေထဲမှာ အများဆုံးအဖြစ်လည်း စံချိန်တင်သွားခဲ့ပါတယ်။
CEO Lei Jun ဟာ ယခုဆုကြေးငွေ ၁ ဒဿမ ၅ ဘီလီယံ ဒေါ်လာကို ကုမ္ပဏီစတော့ရှယ်ယာ အနေနဲ့ ရရှိခဲ့တာ ဖြစ်ပြီး၊ “ကုမ္ပဏီအတွက် စွမ်းဆောင်ပေးခဲ့မှုတွေကြောင့် ရရှိတဲ့ဆုကြေး” ဖြစ်တယ်လို့ သိရပါတယ်။
ယခုဆုကြေးငွေကိစ္စနဲ့ ပတ်သတ်မှုရှိသူ၊ အတွင်းလူတဦးရဲ့အဆိုအရ CEO ” Lei Jun” ကို အခုလို စံချိန်တင် ဆုကြေးငွေ ပေးအပ်ခဲ့တာဟာ အနှောင်အဖွဲ့ကင်းကင်း ပေးအပ်ခဲ့တာဖြစ်ပြီး၊ ရှေ့လျှောက်စွမ်းဆောင်နိုင်ရည်တွေ၊ မကြာခင် ထုတ်ပြန် ကြေညာတော့မယ့် IPO နောက်ပိုင်း ကုမ္ပဏီရှယ်ယာ တန်ဖိုးတွေနဲ့လည်း သက်ဆိုင်မှု မရှိဘူးလို့ သိရပါတယ်။
Xiaomi ကုမ္ပဏီရဲ့ IPO (ပထမဆုံး စတော့ထုတ်ရောင်းခြင်း) ပြီးနောက်မှာ Lei Jun ရဲ့ စတော့ရှယ်ယာ တန်ဖိုးတွေဟာ ကန်ဒေါ်လာ ၁ ဒဿမ ၇၉ ဘီလီယံလောက် အထိ ထပ်တက်သွားနိုင်ပါတယ်။
Lei Jun ရရှိတဲ့ ဆုကြေးငွေ ပမာဏဟာ သမိုင်းတလျှောက် နည်းပညာကုမ္ပဏီတွေက ပေးအပ်တဲ့ စတော့ရှယ်ယာ ဆုကြေးတွေထဲမှာ အများဆုံးဖြစ်ပြီး၊ လက်ရှိ အများဆုံး စံချိန်တင်ထားတဲ့ Snapchat ကုမ္ပဏီ CEO Evan Speigel ရရှိခဲ့တဲ့ စတော့ဆုကြေး ဒေါ်လာ ၆၄၈ သန်း ထက်ကို ၂ ဆ ကျော်လောက် များပါတယ်။
ပြီးတော့ အခုလို ရှေ့လျှောက် စွမ်းဆောင်ရည် အပေါ် မူတည်တာမျိုးလို ဘာအနှောင်အဖွဲ့မှ မရှိဘဲ ဒီလောက် များပြားတဲ့ ဆုကြေးငွေ ပမာဏကို ပေးအပ်လိုက်တာက စီးပွားရေးလောကမှာ ကြုံတောင့်ကြုံခဲလို့ ဆိုနိုင်ပါတယ်။
ဥပမာ ပြောရရင် Tesla CEO ဖြစ်တဲ့ Elon Musk ကိုလည်း ကုမ္ပဏီဘက်က ဒေါ်လာ ၂ ဒဿမ ၆ ဘီလီယံအထိ ဆုကြေးပေးအပ်ဖို့ သဘော တူညီထားပေမယ့်၊ ကန့်သတ်ချက်တခုတော့ ရှိပါတယ်။ အဲဒါကတော့ Elon Musk အနေနဲ့ နောက်ထပ် ၁၀ နှစ်အတွင်းမှာ Tesla ကုမ္ပဏီကို ဒေါ်လာ ၆၅၀ ဘီလီယံ အထိ တန်ကြေးရှိတဲ့ ကုမ္ပဏီတခုအဖြစ် ဦးဆောင်ပေးနိုင်မှ ၂ ဒဿမ ၆ ဘီလီယံ စတော့ဆုကြေးရမှာဖြစ်ပါတယ်။ Lei Jun ကတော့ ဘာမှ ကန့်သတ်ချက်မျိုး မရှိဘဲ ရရှိခဲ့တာဖြစ်ပါတယ်။
Ref: Business Insider