လွန်ခဲ့တဲ့ ၂ နှစ်ကမှ Galaxy Note 7 ဖုန်းမှာ စတင်မိတ်ဆက် အသုံးပြုခဲ့တဲ့ Iris Scanner ကို Samsung အနေနဲ့ Galaxy S10 ဖုန်းမှာ ဆက်လက် အသုံးပြုဖွယ် မရှိတော့ပါဘူး။
Samsung ဟာ Galaxy S10 ဖုန်းမှာ Iris Scanner အစား အခု ခေတ်စားလျက်ရှိတဲ့ 3D Facial Recognition နည်းပညာနဲ့ In-Display Fingerprint Sensor တို့ကို အသုံးပြုလာမှာ ဖြစ်တယ်လို့ သိရပါတယ်။ Samsung ဟာ Galaxy S10 ဖုန်းကို စမ်းသပ်ထုတ်လုပ်နေပြီ ဖြစ်ပေမယ့် Iris Scanner အစိတ်အပိုင်းတွေကို မှာယူထားခြင်း မရှိကြောင်း ဖုန်းလုံခြုံရေး အစိတ်အပိုင်း ထုတ်လုပ်သူတချို့က ပြောကြားထားတယ်လို့ တောင်ကိုရီးယားအခြေစိုက် The Bell သတင်းစာက ဖော်ပြထားတာဖြစ်ပါတယ်။
The Bell ရဲ့ အဆိုအရ Samsung ဟာ Galaxy S10 ကို “Beyound” ဆိုတဲ့ စကားဝှက်နဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး Galaxy S10 ရဲ့ Display က ၅.၈ လက်မနဲ့ Galaxy S10 Plus ရဲ့ Display က ၆.၃ လက်မရှိကြောင်း အခိုင်အမာ ဆိုထားပါတယ်။
အကယ်လို့ Samsung ဟာ နည်းပညာသစ်ဖြစ်တဲ့ 3D Face Sensor နည်းပညာနဲ့ In-Display Fingerprint Sensor တွေကို တကယ် အသုံးပြုလာမယ်ဆိုရင် Galaxy S10 ဖုန်းမှာ Iris Scanner လိုမှာ မဟုတ်တော့ပါဘူး။ Iris Scanner ဟာလည်း လုံခြုံစိတ်ချရတယ်ဆိုပေမယ့် အလင်းရောင်နည်းတဲ့အချိန်တွေမှာနဲ့ မျက်မှန်တပ်ထားတဲ့အချိန်တွေမှာ ရာနှုန်းပြည့်အလုပ်မလုပ်တာမျိုး ရှိပါတယ်။ Apple ရဲ့ 3D Sensor သုံး “Face ID” ကတော့ လုံခြုံမှုပိုမြင့်မားသလို၊ အလင်းရောင် အခြေအနေမရွေး အလုပ်လုပ်ပြီး၊ မျက်မှန်တပ်ထားရင်လည်း ရာနှုန်းပြည့် အလုပ်လုပ်နိုင်ပါတယ်။
ဒါ့အပြင် Samsung ဟာ Galaxy S Series ရဲ့ ၁၀ လုံးမြောက် ဖုန်းဖြစ်လာမယ့် “Galaxy S10” ဖုန်းကို ထူးထူးခြားခြား ဖြစ်အောင် လုပ်ဖို့ ကြံရွယ်နေတယ်လို့ သိရှိထားရပါတယ်။ ဒါကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားသွားခဲ့တဲ့ Galaxy Note 7 က Iris Scanner နည်းပညာမျိုးကို Galaxy S10 ဖုန်းမှာ ပြန်မသုံးတော့ဖို့က ရာခိုင်နှုန်း အတော်များနေပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – ကမ္ဘာ့ပထမဆုံး “ခေါက်ချိုး အသုံးပြုနိုင်တဲ့ဖုန်း” မိတ်ဆက်နိုင်ဖွယ်ရှိတဲ့ Samsung
၂၀၂၀ မှာ စက်ရုံ၊ ရုံးခန်းတွေကို ရာနှုန်းပြည့် Renewable Energy အသုံးပြုသွားမယ့် Samsung
Ref: Android Authority, Cnet