မကြာမီအချိန်အတွင်း အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုပြည်နယ်ထဲကို ဘာဂါစားသောက်ဆိုင် လုပ်ငန်း အသစ်တခု ဝင်ရောက်လာတော့မှာပါ။
“Creator” လို့ အမည်ပေးထားတဲ့ အဆိုပါဘာဂါဆိုင်ဟာ အမေရိကန်ဒေါ်လာ ၆ ဒေါ်လာတန် ဘာဂါတွေကို ရောင်းချပေးသွားမှာ ဖြစ်ပြီး၊ ပါဝင်ပစ္စည်းချက်ပြုတ်ပြင်ဆင်တာ၊ ဘာဂါလုပ်တာကအစ လူသားစားဖိုမှူး လုံးဝ မလိုအပ်ဘဲ စက်ရုပ်နဲ့ပဲ လုပ်ဆောင်သွားမယ့်ဆိုင်ဖြစ်ပါတယ်။
ဘာဂါဆိုင်ရဲ့ အလယ်တည့်တည့်မှာ ၁၄ ပေ အရှည်ရှိတဲ့ စက်ရုပ်တရုပ် ရှိပြီး၊ အဆိုပါစက်ရုပ်ဟာ Sensor အများအပြားနဲ့ ကွန်ပျူတာ ပရိုဂရမ် အကူအညီတွေကို အသုံးပြုကာ တနာရီကို ဘာဂါ ၁၃၀ အလိုအလျောက် ပြုလုပ်ပေးနိုင်ပါတယ်။
Creator ရဲ့ ဘာဂါ အစအဆုံး လုပ်ပေးနိုင်တဲ့ စက်ရုပ်ကြောင့် ဘာဂါပြင်ဖို့အတွက် စားဖိုမှူးတွေ အတွဲလိုက် မလိုတော့ဘဲ ဆိုင်ကို ဝန်ထမ်းအင်အား နည်းနည်းနဲ့ လည်ပတ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာဂါတွေကို ချပေးဖို့၊ အမှာလက်ခံဖို့နဲ့ ဘာဂါလုပ်စက်ထဲမှာ ပါဝင်ပစ္စည်းတွေ ကုန်နေရင် ပြန်ဖြည့်ပေးဖို့ အတွက်ကတော့ လူသားဝန်ထမ်း ၉ ယောက် သပ်သပ် ထားရှိမှာပါ။
ဝန်ထမ်းအင်အား နည်းပါးတာကြောင့် လူသားဝန်ထမ်း တဦးချင်းကို တနာရီ ၁၆ ဒေါ်လာအထိ ပေးထားနိုင်ပြီး၊ ဆန်ဖရန်စစ္စကိုရဲ့ အနည်းဆုံး လုပ်ခလစာ တနာရီ ၁၄ ဒေါ်လာထက် ၂ ဒေါ်လာ ပိုများပါတယ်။ ဒါတင် မကသေးဘဲ Creator ဘာဂါဆိုင်က လူသားဝန်ထမ်းတွေအနေနဲ့ သူတို့ အလုပ်ချိန်ရဲ့ ၅ ရာခိုင်နှုန်းကိုလည်း မိမိနှစ်သက်ရာ စာအုပ် ထိုင်ဖတ်နေဖို့ အခွင့်အရေး ပေးထားပါသေးတယ်။
စာအုပ်ဝယ်ဖို့အတွက် ဘတ်ဂျက် သပ်သပ် ထုတ်ပေးဖို့ အစီအစဉ်လည်း ရှိသေးပြီး၊ အွန်လိုင်း ပညာသင်ကြားရေး ဝက်ဘ်ဆိုဒ်တခုဖြစ်တဲ့ Coursera က သင်တန်းတွေလည်း အခမဲ့ တက်ခွင့်ရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Creator ဆိုင်ကို စက်တင်ဘာလမှာမှ တရားဝင် စဖွင့်မှာဖြစ်ပေမယ့် စက်ရဲ့ လုပ်ဆောင်ပုံကို ဆိုင်မဖွင့်ခင် ကြည့်ရှု လေ့လာချင်တဲ့သူတွေအတွက် တလတခါ လက်မှတ်တွေ ရောင်းချပေးလျက်ရှိပါတယ်။ ဘာဂါ စက်ရုပ်ကို စိတ်ဝင်စားတဲ့သူတွေ များလွန်းတာကြောင့် လာမယ့် ဇူလိုင်လအတွက်တောင် လက်မှတ်အကုန် ရောင်းလိုက်ရပြီလို့ သိရပါတယ်။
Creator တည်ထောင်သူဖြစ်တဲ့ Alexandros Vardakostas က သူ့ကုမ္ပဏီရဲ့ တီထွင်မှုဟာ “Fast Food” စားသောက်ဆိုင် လုပ်ငန်းတွေရဲ့ ဝန်ထမ်းလေ့ကျင့်ပေးရေး၊ လစာနဲ့ အထွေထွေစရိတ်တွေကို လျော့ချ ပေးနိုင်မှာဖြစ်ပြီး၊ တနှစ်ကို ကန် ဒေါ်လာ ၉၀,၀၀၀ လောက်အထိ ပိုမိုသက်သာမှာဖြစ်တယ်လို့ အင်တာဗျူး တခုမှာ ဖြေကြားခဲ့ပါတယ်။
“ကျနော်တို့ စက်က ဝန်ထမ်းတွေကို ပိုမိုသက်သာအောင်၊ ပိုမိုအလုပ်တွင်ကျယ်အောင် ရည်ရွယ် ထုတ်လုပ် ထားတဲ့ စက် မဟုတ်ပါဘူး။ ဒီဝန်ထမ်းတွေအကုန်လုံး လုံးဝ မလိုတော့အောင် တီထွင်ထားတာ ဖြစ်ပါတယ်” လို့ Vardakostas က ဆိုပါတယ်။
လောလောဆယ်မှာတော့ “Creator” ဘာဂါဆိုင်ဟာ စက်ရုပ် သီးသန့်ချည်း မလည်ပတ်နိုင်သေးဘဲ၊ ဈေးဝယ်သူကို ဝန်ဆောင်မှုပေးဖို့အတွက် လူသားဝန်ထမ်းတွေ လိုအပ်နေပါသေးတယ်။ လက်ရှိ ဝန်ထမ်းတွေ အနေနဲ့ ဒီရာထူးမှာချည်း ပုံသေရှိနေမှာ မဟုတ်ဘဲ လစာပိုမြင့်မားတဲ့ စက်ရုပ်ထိန်းသိမ်း ပြင်ဆင်မှု ရာထူးတွေကို တိုးမြှင့် ထမ်းဆောင်နိုင်ဖို့ အခွင့်အရေးတွေ ပေးအပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
“Creator” ဘာဂါဆိုင် မတိုင်ခင်ကတည်းက ဆန်ဖရန်စစ္စကိုမှာ စက်ရုပ်အကူအညီနဲ့ပဲ လည်ပတ်နေတဲ့ “Eatsa” တို့ “Cafe X” တို့လို စားသောက်ဆိုင်တွေ ရှိနှင့်ပြီးသားဖြစ်ပါတယ်။
Ref : Business Insider