ကိုယ်မကြည့်ရသေးတဲ့ ရုပ်ရှင်ကားရဲ့ အဓိကအခန်းတွေကို ကိုယ့်ထက်အရင်ကြည့်ပြီးသူတွေက Facebook ပေါ်မှာ ပြန်ဖောက်သည်ချတာ မမြင်ချင်ဘဲ မြင်လိုက်ရလို့ စိတ်ညစ်နေရပါလား။
ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကားသစ်တကားတင်တိုင်း Facebook မသုံးမိအောင် ရှောင်နေရတာ စိတ်ပျက်နေပါသလား။ မပူပါနဲ့ သင့်အခက်အခဲတွေကို Facebook လည်း ကိုယ်ချင်းစာမိတာကြောင့် ဒီလို အဖြစ်အပျက်တွေကို ရှောင်ရှားနိုင်မယ့် Feature သစ်တရပ်ကို စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။
Snooze Keyword လို့ လတ်တလောနာမည်ပေးထားတဲ့ Facebook Feature အသစ်ကနေ User တယောက်ဟာ သူမမြင်ချင်တဲ့ Keyword (စကားလုံး) တွေကို ရွေးချယ်ကာ၊ အဲဒီစကားလုံးပါတဲ့ပို့စ်တွေကို Newsfeed မှာ လုံးဝ မပေါ်လာအောင် လုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒီ Feature ကို Users တချို့ဆီမှာ ယနေ့ စတင်စမ်းသပ်နေပြီဖြစ်ပြီး၊ မကြာခင်အားလုံးအသုံးပြုလာနိုင်မှာပါ။
တကယ်လို့ ကိုယ့်မှာ ဒီ Feature သုံးလို့ရပြီဆိုရင် ပို့စ်ရဲ့ ညာဘက်အပေါ်က Drop Down Menu ကို နှိပ်လိုက်တာနဲ့ Save Post, Hide Post စတဲ့ များပြားတဲ့ Options တွေအောက်မှာ “Snooze Keywords in this post” ဆိုတဲ့ Option အသစ် တခုကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီ Option ကို နှိပ်လိုက်ရင် အဆိုပါပို့စ်မှာ ပါဝင်တဲ့ Keywords တွေထဲက ကိုယ်နောက်ထပ်မမြင်ချင်တဲ့ Keywords တွေကို ထပ်မံရွေးချယ်နိုင်မှာပါ။ တခုရှိတာကတော့ Keywords ရွေးချယ်ဖို့အတွက် အဆိုပါ Keywords ပါတဲ့ ပို့စ်ကို အရင်လိုက်ရှာ ပြီး နှိပ်မှ ရမှာဆိုတော့ ရှာနေရင်းနဲ့ကို Spoil မိသွားနိုင်ပါတယ်။
လောလောဆည်စမ်းသပ်ဆဲအဆင့်ပဲ ရှိသေးတာကြောင့် တကယ်ထွက်လာရင်တော့ အခုထက် ပိုမိုသုံးရအဆင်ပြေဖို့ မျှော်လင့်ရပါတယ်။ Facebook ပြောရေးဆိုခွင့်ရှိသူတဦးကလည်း Snooze Keyword ကို တခြားနည်းနဲ့ သုံးနိုင်အောင် ထပ်လုပ်ပေးဖို့ ရှိကြောင်း TechCrunch သတင်းဌာနကို ပြောကြားထားပါတယ်။
စကားလုံးတခုကို ရွေးချယ်ပြီး Snooze လုပ်နိုင်တာဟာ ရက် ၃၀ အထိပဲ လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ ကိုယ်ရွေးထားတဲ့ Keyword ပါတဲ့ပို့စ်ကို ဘယ်မီဒီယာကတင်တင်၊ ဘယ်သူကတင်တင် လုံးဝတွေ့ရမှာမဟုတ်ပါဘူး။ စိတ်မကောင်းစရာတခုကတော့ ကြော်ငြာလုပ်ထားတဲ့ Sponsored ပို့စ်တွေ ဆိုရင်တော့ Keyword ပိတ်ထားလည်း လာပေါ်ချင်ပေါ်နိုင်ပါတယ်။
ရုပ်ရှင်အကြောင်းတွေသာမက ကိုယ်မမြင်ချင်တဲ့ အကြောင်းအရာမှန်သမျှမှာလည်း အခု ‘Snooze Keyword’ Feature အသစ်ကို သုံးနိုင်မှာကြောင့် Facebook သုံးရတာ ပိုစိတ်ချမ်းသာရတော့မှာပါ။
Ref: The Verge, Facebook Newsroom, Tech Crunch