Gaming နဲ့ ပတ်သတ်တဲ့ ပစ္စည်းအသစ်တွေကို အဆက်မပြတ်ထုတ်နေတဲ့ Xiaomi ဟာ ယနေ့မှာလည်း Gamers တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Mi Mouse Pad နဲ့ Mi Smart Mouse Pad တို့ကို ထပ်မံမိတ်ဆက်လိုက် ပြန်ပြီဖြစ်ပါတယ်။
ထူးခြားတဲ့ Product တခုဖြစ်တဲ့ Mi Smart Mouse Pad ဟာ နာမည်ကျော် German Dot Design Award 2018 ဆုကို ရရှိထားတဲ့ Product တခုဖြစ်ပြီး၊ Qi Wireless Charging နည်းပညာနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ ကျနော်တို့ လက်ရှိ အသုံးပြုနေတဲ့ Wireless Charging ပါ အီလက်ထရောနစ်ပစ္စည်းတိုင်းလိုလိုဟာ Qi Wireless Charging စံနှုန်းနဲ့ပဲ ဖြစ်တာကြောင့် Mi Smart Mouse Pad မှာ Wireless Mouse ကော ဖုန်းတွေပါ တင်ပြီး အားသွင်းလို့ရမှာဖြစ်ပါတယ်။
7.5W Output ထုတ်ပေးနိုင်ပြီး၊ Charging Efficiency လို့ခေါ်တဲ့ အားဝင်မှု ၇၅ ရာခိုင်နှုန်းအထိ ရှိတာကြောင့် လျှပ်စစ်အားအပိုကုန်ဆုံးမှုမရှိဘဲ မြန်ဆန်စွာ အားသွင်းနိုင်မှာဖြစ်ပါတယ်။
ဒီ့အပြင် Mi Smart Mouse Pad ထဲမှာ Intelligent Chip တခုပါရှိပြီး Mouse Pad ပေါ်တင်လိုက်တဲ့ ဖုန်း (ဒါမှမဟုတ်) မောက်စ်က အားသွင်းဖို့လိုလားဆိုတာ အလိုလိုသိနိုင်မှာဖြစ်ပါတယ်။ အပူချိန်ထိန်းသိမ်းမှုနည်းပညာလည်း ပါရှိပြီး၊ Device က အားပြည့်သွားတာနဲ့ ကြိုးမဲ့အားသွင်းမှုကို အလိုလိုရပ်ပစ်လိုက်မှာဖြစ်ပါတယ်။
Mi Smart Mouse Pad ရဲ့ နောက်ထပ်ထူးခြားချက်တခုကတော့ Mouse Pad ရဲ့ ညာဘက်ထိပ်မှာ အလူမီနီယမ်နဲ့ လုပ်ထားတဲ့ ဘုသီးတခုပါရှိပြီး၊ အဆိုပါ ဘုသီးကို လှည့်ကာ Mouse Pad အလင်းရောင်ကို ကြိုက်သလိုကစားနိုင်မှာ ဖြစ်ပါတယ်။ ဒီ့အပြင် Mouse Pad နဲ့ PC ကို Bluetooth နဲ့ ချိတ်ဆက်ပြီး၊ ကွန်ပျူတာအသံအတိုးအလျော့ကိုလည်း ဘုသီးနဲ့တင် ပြဒလုပ်နိုင်မှာဖြစ်ပါတယ်။
Xiaomi ရဲ့ အဆိုအရ Mi Smart Mouse Pad မှာ အသုံးပြုထားတဲ့ မျက်နှာပြင်အလွှာဟာ မောက်စ်ဆန်ဆာကို ပိုမိုတိကျ၊ ချောမွေ့စေပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။ Mi Smart Mouse Pad ရဲ့ ဈေးနှုန်း ကတော့ ၂၅၉ ယွမ် (မြန်မာငွေကျပ် ငါးသောင်းခွဲ) ရှိပြီး၊ Xiaomi ရဲ့ YouPin e-commerce website https://youpin.mi.com/detail?gid=102480 ကနေ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
Mi Smart Mouse Pad နဲ့အတူ မိတ်ဆက်ခဲ့တဲ့ Mi Mouse Pad ကလည်း ဂိမ်မာတွေအတွက် အထူးထုတ်လုပ်ထားတဲ့ Mouse Pad ဖြစ်ပြီး၊ သူ့မှာတော့ ကြိုးမဲ့အားသွင်းစနစ်ပါဝင်မှာမဟုတ်ပါဘူး။
မောက်စ်မြန်နှုန်းနဲ့ မောက်စ်ဆန်ဆာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေမယ့် Coating မျက်နှာပြင်အလွှာကို အသုံးပြု ထားပေးပြီး၊ အောက်ခံက စုပ်ခွက်ဒီဇိုင်းနဲ့ ဖြစ်တာကြောင့် အသုံးပြုနေစဉ်အတွင်းမှာ Mouse Pad တုန်ခါတာ၊ ရွေ့သွား တာမျိုးတွေ ရှိမှာမဟုတ်ပါဘူး။ ဒီ Mouse Pad ကတော့ ၄၉ ယွမ် (မြန်မာငွေ တစ်သောင်းဝန်းကျင်) သာ ရှိပြီး၊ အထက် ဖော်ပြပါ YouPin site ကနေပဲ ဝယ်ယူရရှိနိုင်ပါတယ်။
Ref: Gadgets 360