၂၀၁၈ ခုနှစ် စမတ်ဖုန်း လောကရဲ့ အထူးခြားဆုံး စမတ်ဖုန်းတလုံးလို့ ဆိုနိုင်တဲ့ Find X စမတ်ဖုန်းကို မိတ်ဆက်ပြီး နောက်မှာတော့၊ OPPO ကုမ္ပဏီဟာ Find X ဖုန်းနဲ့ တွဲဖက်အသုံးပြုဖို့အတွက် “O-Free” ဆိုတဲ့ ကြိုးမဲ့ Bluetooth နားကြပ် တမျိုးကို ထပ်မံထုတ်လုပ်လိုက်ပြန်ပြီဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့တဲ့ OPPO O-Free နားကြပ်ရဲ့ အထူးခြားဆုံး စွမ်းဆောင်ရည် တခုကတော့ Real-Time Voice Translation လို့ ခေါ်တဲ့ ဘာသာစကားတခုနဲ့ တခုကို အသံနဲ့တင် ချက်ချင်း ဘာသာ ပြန်ပေးနိုင်တာ ဖြစ်ပါတယ်။
Google ရဲ့ Pixel Buds နားကြပ်တွေမှာပါတဲ့ Voice Translation စွမ်းဆောင်ရည်လိုမျိုးဖြစ်ပြီး၊ Oppo O-Free မှာတော့ ဘာသာစကားဘယ်နှစ်မျိုး ဘာသာပြန်ပေးနိုင်လဲဆိုတာ အတိအကျ မသိရသေးပါဘူး။
O-Free နားကြပ်မှာ Qualcomm ကနေ မကြာမီက မိတ်ဆက်သွားခဲ့တဲ့ QCC3026 chipset ကို အသုံးပြု ထားပြီး၊ Qualcomm ရဲ့ TrueWireless Stereo နည်းပညာလည်း ပါဝင်မှာဖြစ်ပါတယ်။ TrueWireless Stereo နည်းပညာဟာ ဖုန်း Streaming နဲ့ Left and Right နားကြပ်တို့ကို အကောင်းမွန်ဆုံး Sync လုပ်ပေး နိုင်ပြီး၊ Latency လျော့ချပေးနိုင်တာကြောင့် အကောင်းဆုံးကြိုးမဲ့ နားကြပ်စွမ်းဆောင်ရည်ကို ရရှိစေမှာပါ။
O-Free နားကြပ်ရဲ့ နောက်ထပ် Feature တခုကတော့ သီချင်းအဖွင့်၊အပိတ်တွေကို အသံနဲ့တင် ထိန်းချုပ် နိုင်ဖို့အတွက် Voice Assistant ပါဝင်ပြီး၊ အသံအတိုးအလျော့၊ သီချင်းပြောင်းတာတွေ အတွက် Music Controls တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
O-Free နားကြပ်ကို အားအပြည့်သွင်းပြီး လေးနာရီလောက် ဆက်တိုက်အသုံးပြုနိုင်ပြီး၊ တပါတည်းပါတဲ့ နားကြပ်ဘူး တဖြစ်လဲ အားသွင်းဘူးကနေလည်း နောက်ထပ် ၁၂ နာရီစာ အားပြန်သွင်းနိုင်မှာ ဖြစ်ပါတယ်။
Oppo O-Free နားကြပ်ကို သြဂုတ်လက စတင်ကာ ၁၀၆ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ Find X စမတ်ဖုန်းရဲ့ ကာလာနဲ့ လိုက်ဖက်ညီတဲ့ အနီရောင်၊ အပြာရောင်နှစ်မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ Find X Lamborghini Edition ဖုန်းဝယ်သူတွေကတော့ O-Free နားကြပ်ကို အခမဲ့ လက်ဆောင် ရရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: Gadgets 360, GSM Arena