အခုခေတ် စမတ်ဖုန်း Trend ဟာ Display နဲ့ ကင်မရာလို့ ပြောလို့ရပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ Display ကို သူ့ထက်ငါ ကောင်းမွန်အောင် အပြိုင်အဆိုင် ထုတ်လာကြသလို၊ ကင်မရာကိုလည်း နေရာလွတ် ရှိသမျှမှာ ထည့်နိုင်အောင် ကြိုးစားလာကြတာ တွေ့ရပါတယ်။
စမတ်ဖုန်း ကင်မရာ Trend ထဲကို ထူးခြားတဲ့ ကင်မရာအတွဲနဲ့ ထပ်ဝင်လာဖို့ ရှိတဲ့ဖုန်းကတော့ LG ရဲ့ မကြာခင် ထုတ်လုပ်မယ့် ဖုန်းမော်ဒယ်သစ် V40 Flagship ဖုန်း ဖြစ်ပါတယ်။ လတ်တလော ထွက်ပေါ်လာတဲ့ သတင်းတွေအရ LG ဟာ V40 စမတ်ဖုန်းမှာ စုစုပေါင်း ကင်မရာ ၅ လုံးအထိ ထည့်သွင်း တပ်ဆင်သွားဖို့ ရှိနေတယ်လို့ သိထားရပါတယ်။
ယခုနှစ်၊ မတ်လတုန်းက ထွက်ထားတဲ့ Huawei P20 Pro လိုပဲ LG V40 စမတ်ဖုန်းမှာ ကျောဘက် ကင်မရာ ၃ လုံးတွဲ (Triple Rear Camera Setup) ကို အသုံးပြုသွားဖွယ် ရှိပြီး၊ ရှေ့ဘက်မှာတော့ ကင်မရာ ၂ လုံး ပါဝင်ဖို့ရှိတယ်လို့ ဆိုပါတယ်။
ရှေ့ကင်မရာ ၂ လုံးပါတဲ့ တခြားဖုန်းတွေလို ကင်မရာအပိုတလုံးကို Selfies ပုံတွေကို ပိုမိုကောင်းမွန်အောင် လုပ်ပေးဖို့ သုံးမှာ မဟုတ်ဘဲ၊ 3D မျက်နှာပုံသဏ္ဍာန် ဖတ်ဖို့အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရတာကြောင့် V40 စမတ်ဖုန်းမှာ iPhone X လိုပဲ 3D Face Unlock နည်းပညာလည်း ပါဝင်လာနိုင်ပါတယ်။
ဖုန်းနောက်ကျောက ကင်မရာ ၃ လုံးမှာ တလုံးက ပုံမှန်မြင်ကွင်းကျယ် ကင်မရာ Lens ဖြစ်ပြီး၊ နောက်တလုံးကတော့ LG ရဲ့ နာမည်ကျော် Ultrawide Lens ဖြစ်ဖို့ များတယ်လို့ သိရပါတယ်။ တတိယကင်မရာဆန်ဆာအကြောင်းကိုတော့ လက်ရှိ အချိန်မှာ အတိအကျမသိရသေးပါဘူး။ Zoom အတွက် သီးသန့် Lens ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် Bokeh နဲ့ Depth of Field effects တွေကို ဖန်တီးပေးမယ့် သီးသန့် Lens တခု ဖြစ်ဖို့ များပါတယ်။
ကင်မရာ ၅ လုံးတွဲအပြင် LG V40 စမတ်ဖုန်းမှာ Notch ပါဝင်တဲ့ FullView Display ကို အသုံးပြုသွားဖို့ ရှိပြီး၊ LG G7 ThinQ ဖုန်းတုန်းကလိုပဲ Notch နေရာဘေးကို ကာလာသက်သက်ပြောင်းပြီး Notch မသိသာအောင် ဖျောက်ထားနိုင်မှာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့လကမှ LG ဟာ V35 နဲ့ V35+ ဖုန်းမော်ဒယ်အသစ်တွေကို မိတ်ဆက်ထားတာကြောင့် V40 စမတ်ဖုန်းကို ယခုနှစ်အတွင်း ထပ်မံမြင်တွေ့ရဖို့တော့ မရှိနိုင်ပါဘူး။
Ref: Android Police, Gadgets 360