ဖုန်း ထိခိုက်ပျက်စီးရတဲ့ အကြောင်းရင်းတွေထဲမှာ မတော်တဆ ပြုတ်ကျ၊ လွတ်ကျခြင်းက အဓိက အကြောင်းအရာ တခု ဖြစ်ပါတယ်။
စာရေးသူကိုယ်တိုင် ဖုန်းလွတ်ကျလို့ မှန်ကွဲ၊ ဘောင်ပွန်း ဖြစ်ရတဲ့ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ လူတိုင်းနီးပါး ကြုံတွေ့ဖူးမယ့် ဒီလို ပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် ဂျာမနီလူမျိုး အင်ဂျင်နီယာ ကျောင်းသား တယောက်ဟာ “Mobile Airbag” လို့ ခေါ်တဲ့ ဖုန်း Cover Case တမျိုးကို တီထွင်လိုက်ပါပြီ။
Philip Frenzel အမည်ရ ဂျာမနီကျောင်းသားတီထွင်ထားတဲ့ “Mobile Airbag” Case ဟာ ဖုန်းပြုတ်ကျသွားပြီ ဆိုတာနဲ့ Sensor ကနေ အလိုလို သိရှိပြီး၊ ချက်ချင်းဆိုသလို စပရိန်ခြေထောက်တွေ ထုတ်ပေးကာ ဖုန်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဖုန်း case ထဲကနေ ထွက်လာတဲ့ စပရိန်ခြေထောက်တွေဟာ အောက်ခံအရာဝတ္ထုနဲ့ ထိတာနဲ့ ဖုန်းကို ပြန်ခုန်ထွက်လာစေပြီး၊ ဖုန်းကိုယ်ထည်ထိခိုက်မှုတွေမဖြစ်အောင် ကာကွယ်ပေးမှာပါ။ အဆိုပါ စပရိန် ခြေထောက်တွေကို ဖုန်းကိုယ်ထည်ထဲ အလွယ်တကူ ပြန်ထိုးထည့်ထားနိုင်ပြီး၊ နောက်တခါ ပြုတ်ကျရင် အလိုလို ပြန်ထွက်လာပေးမှာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် Philip Frenzel ဟာ ဖုန်းထည့်ထားတဲ့ဂျာကင်ကို လှေကားလက်ရန်းတိုင်ပေါ်ကို အမှတ်တမဲ့ ပစ်တင်မိရင်း ဖုန်းလွတ်ကျပျက်စီးသွားရာကနေ ဒီလိုဖုန်း Case မျိုး တီထွင်ဖို့ အကြံရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Frenzel ဟာ လက်ရှိဈေးကွက်ထဲမှာ ရှိပြီးသား ဖုန်း Case တွေလိုမျိုး ကြီးမားထူထဲတဲ့ ဖုန်းကေ့စ်မျိုးအစား သေးငယ်ပြီး နည်းပညာ ပိုမြင့်မားတဲ့ ဖုန်းကေ့စ်မျိုးကို တီထွင်ဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“Mobile AirBag” ဟာ Frenzel ရဲ့ လေးနှစ်တာကြိုးစားတီထွင်မှုရလဒ်ဖြစ်ပြီး၊ ဒီတီထွင်မှုအတွက် ၂၀၁၈ ခုနှစ် အတွက် German Society of Mechatronics က ပေးအပ်တဲ့ Mechatronics Prize ဆုတံဆိပ်ကိုလည်း ရရှိခဲ့ပါတယ်။ Frezel ဟာ အခု ဖုန်းကေ့စ်အတွက် မူပိုင်ခွင့်လည်း ရရှိထားပြီ ဖြစ်ပြီး၊ မကြာခင် ဈေးကွက်တင် ရောင်းချနိုင်ဖို့အတွက် Kickstarter မှာ ရန်ပုံငွေ ရှာဖွေလျက် ရှိပါတယ်။
Ref: The Verge, Gadgets 360