IT

သမိုင်းတလျှောက် ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ မျိုး

Want create site? Find Free WordPress Themes and plugins.

သမိုင်းတလျှောက် အရောင်းရဆုံး ဖုန်း ၁၀ မျိုးစာရင်းထဲက ဖုန်းတွေကို မြင်ရင် သင် အနည်းနဲ့ အများတော့ အံ့သြမိသွားမှာ သေချာပါတယ်။ ဒီစာရင်းထဲမှာ လက်ရှိ စမတ်ဖုန်း ဈေးကွက်ထဲမှာ ကြီးစိုးထားတဲ့ Samsung Galaxy S စီးရီးနဲ့ Note စီးရီးဖုန်းတွေ လုံးဝ မပါဝင်သလို၊ ဒီထက် ပိုအံ့သြဖို့ကောင်းတာက Android ဖုန်းတွေ လုံးဝ မပါဝင်ပါဘူး။

သမိုင်းတလျှောက် ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ မျိုးစာရင်းကို နာမည်ကြီး The Telegraph သတင်းစာက ပြုစုထားတဲ့ အချက်အလက်တွေနဲ့ တခြားသတင်းရင်းမြစ်တွေကို ပေါင်းစပ်ပြီး၊ Android Authority website က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကဲ အဲဒီဖုန်းတွေ စာရင်းမှာ ဘာဖုန်းတွေ ပါဝင်လဲဆိုတာ ကြည့်လိုက်ရအောင်။

၁။ Nokia 1100 (သန်းပေါင်း ၂၅၀ ကျော် ရောင်းချခဲ့ရ)

 

 

ကမ္ဘာ့ရောင်းအား အကောင်းဆုံး စမတ်ဖုန်းအဖြစ် လက်ရှိအချိန်ထိ နံပါတ်တစ် နေရာမှာ ရပ်တည်နေတဲ့ ဖုန်းကတော့ Nokia 1100 ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Nokia 1100 ဟာ ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာပြီး၊ ဖုန်း Display ကလည်း ကာလာ ၁ ရောင်ပဲ ပြနိုင်တဲ့ Monochrome Display နဲ့ ဖြစ်ပါတယ်။ ဖုန်းထိပ်ဘက်မှာ Flashlight ပါရှိတာကလွဲရင် ထူးထူးခြားခြား Feature ဘာမှ မပါဝင်ပါဘူး။

ဒါပေမယ့် အကြမ်းခံမှု၊ ဈေးသက်သာမှုနဲ့ ဖုန်းကွန်ရက်အများအပြားမှာ အသုံးပြုနိုင်မှု စတဲ့အချက်တွေကပဲ ဒီဖုန်းအတွက် လုံလောက်ခဲ့ပြီး၊ သမိုင်းတလျှောက် ရောင်းအားအကုန်ဆုံးဖုန်းနေရာကို လက်ရှိအချိန်ထိ သိမ်းပိုက်ထားနိုင်ပါတယ်။ Nokia ရဲ့ ကျယ်ပြန်တဲ့ ဖြန့်ချိရေး ကွန်ရက်ကလည်း Nokia 1100 ဖုန်းကို ကမ္ဘာ့နေရာ အနှံ့အပြားစီ ရောက်ရှိစေခဲ့ပြီး၊ ဒီဖုန်း အောင်မြင်မှုရဲ့ အဓိက သော့ချက်တခုလို့လည်း ဆိုနိုင်ပါတယ်။

၂။ Nokia 1110 (အလုံးရေ သန်း ၂၅၀ ကျော် ရောင်းချခဲ့ရ)

 

 

၂၀၀၅ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Nokia 1110 ဟာ ကင်မရာ မပါ၊ ကာလာ Display မပါ၊ ဒီဇိုင်းလည်း သိပ်ဆွဲဆောင်မှု မရှိပေမယ့် အဲ့ဒီအချိန်က ဖုန်းတွေအားလုံးကို ကျော်လွန်ရောင်းချခဲ့ရတဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။ ယူရို ၄၀ လောက်နဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အဓိကတင်ပို့ ရောင်းချခဲ့ပြီး၊ ဖုန်းပြော၊ မက်ဆေ့ပို့ရုံနဲ့ မြွေဂိမ်း ကစားဖို့လောက်ပဲ သုံးကြတဲ့ လူတွေအတွက် ကောင်းမွန်တဲ့ ဟန်းဆက်တလုံး ဖြစ်ခဲ့ပါတယ်။

၃။ iPhone 6 and 6 Plus (အလုံးရေ သန်းပေါင်း ၂၂၀ ကျော် ရောင်းချခဲ့ရ)

 

 

ယခုစာရင်းရဲ့ တတိယနေရာမှာတော့ Apple တို့ရဲ့ iPhone 6 and 6 Plus မော်ဒယ်က နေရာယူထားပါတယ်။ အရင် iPhone မော်ဒယ်တွေထက် ပိုမိုကြီးမားတဲ့ ၄.၇ လက်မနဲ့ ၅.၅ လက်မအရွယ် Display ၊ ပိုမိုမြန်ဆန်တဲ့ Apple A8 Processor၊ ကောင်းမွန်တဲ့ကင်မရာ၊ NFC သုံး မိုဘိုင်းငွေချေမှုစနစ်ဖြစ်တဲ့ Apple Pay စတင်ပါဝင်လာမှု စတဲ့ Feature တွေကြောင့် နာမည်ကောင်းရခဲ့တဲ့ iPhone မော်ဒယ်လည်းဖြစ်ပါတယ်။

နာမည်ကောင်းရသလို ဒီဇိုင်းချို့ယွင်းချက်ကြောင့်လို့ နာမည်ကြီးခဲ့တဲ့ ဖုန်းကွေးမှု ပြဿနာ Bandgate ၊ Error 53 စတဲ့ နာမည်ဆိုးတွေလည်း ရှိခဲ့တဲ့ ဖုန်းဖြစ်ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် iPhone 6 နဲ့ 6 Plus တို့ဟာ စတင်ရောင်းချပြီး ပထမ ၃ ရက် အတွင်းမှာတင် အလုံးရေ ၁၀ သန်းကျော် ရောင်းချခဲ့ရကာ၊ Apple အတွက် စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။

၄။ Nokia 3210 (အလုံးရေ သန်းပေါင်း ၁၆၀ ကျော် ရောင်းချခဲ့ရ)

 

 

၁၉၉၉ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ Nokia 3210 ဟာ အခုအချိန်ဆို သက်တမ်း ၁၉ နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်ထိ ရောင်းအားအကောင်းဆုံးဖုန်းစာရင်းမှာ ထိပ်တန်း တနေရာ ရယူထားနိုင်တဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။ ဖုန်းပြောဖို့နဲ့ မက်ဆေ့ ပို့ဖို့လောက်ပဲ ဖုန်းအသုံးပြုခဲ့ကြတဲ့ လွန်ခဲ့တဲ့ ၁၀ စုနှစ်အချိန်တွေမှာ အကြမ်းခံတဲ့ ကိုယ်ထည်၊ ရွေးချယ်စရာ ကာလာ အရောင်မျိုးစုံနဲ့ ဆွဲဆောင်မှု ရှိတဲ့ဒီဇိုင်းနဲ့ ထွက်ရှိလာတဲ့ Nokia 3210 ဟာ အားလုံးအတွက် လိုချင်စရာဖုန်းတခုဖြစ်ခဲ့ပုံရပါတယ်။

ဒီဖုန်းရဲ့ နာမည်ကျော် Feature ကတော့ အားလုံးဆော့ဖူးကြမယ့် “မြွေ” ဂိမ်းပါ။ လူတော်တော်များများ သဲကြီးမဲကြီး ဆော့ခဲ့ကြတဲ့ မိုဘိုင်းဂိမ်းတခုဖြစ်ပြီး၊ အခု HDM Global ကုမ္ပဏီက Nokia ကို ပြန်ဝယ်ပြီး Nokia ဖုန်းတွေ ပြန်ထုတ်တဲ့ အခါမှာလည်း “မြွေ” ဂိမ်းကို တခုတ်တရပြန်ထည့်ပေးထားတာ တွေ့ရပါတယ်။

၅။ Nokia 1200 (အလုံးရေ သန်း ၁၅၀ ကျော်ရောင်းချခဲ့ရ)

 

 

ဘက်ထရီကောင်းမွန်မှုကြောင့် လူတိုင်းကြိုက်နှစ်သက်ခဲ့ကြတဲ့ Nokia 1200 ဖုန်းဖြစ်ပါတယ်။ ဒီတိုင်း Standby ထားမယ်ဆိုရင် ၃၉၀ နာရီအထိ အထားခံပြီး၊ ဖုန်းပြောချိန် ၇ နာရီကျော် အသုံးခံပါတယ်။ အပေါ် Scroll ကီးကို ဖိနှိပ်လိုက်ရင် Flashlight ပွင့်လာတဲ့ Feature ကလည်း လူကြိုက်များတဲ့အချက်တခုလို့ ဆိုနိုင်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းဖြစ်ပြီး၊ ယူရို ၃၀ လောက်ပဲ ပေးရတာကြောင့် တကမ္ဘာလုံးမှာ အလုံးရေ သန်း ၁၅၀ ကျော် ရောင်းချခဲ့ရပါတယ်။

၆။ Nokia 6600 (အလုံးရေ သန်း ၁၅၀ ကျော်ရောင်းချခဲ့ရ)

 

 

တမူထူးခြားတဲ့ဒီဇိုင်းနဲ့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိလာခဲ့တဲ့ Nokia 6600 ဖုန်းဟာ အဲ့ခေတ်အခါက လူကြိုက်များခဲ့တဲ့ တန်ဖိုးကြီး ဖုန်းတလုံးဖြစ်ပါတယ်။ ဈေးကြီးပေမယ့် တကမ္ဘာလုံးမှာ အလုံးရေ သန်း ၁၅၀ ကျော် ရောင်းချခဲ့ရပြီး၊ သမိုင်းတလျှောက် ရောင်းအားအကောင်းဆုံး စာရင်းမှာ နံပါတ် (၆) နေရာအထိ ရယူထားနိုင်ပါတယ်။ ၂.၁ လက်မ Display ၊ သာမန်ကင်မရာတလုံးနဲ့ 850mAh ဘက်ထရီတို့သာ ပါဝင်တဲ့ ဒီဖုန်းတလုံးကို ၆၉၅ ဒေါ်လာအထိ ပေးဝယ်ခဲ့ ရပါတယ်။

၇။ Nokia 5320 (အလုံးရေ သန်းပေါင်း ၁၅၀ ကျော် ရောင်းချခဲ့ရ)

 

 

တချိန်က နာမည်ကျော်မိုဘိုင်းဖုန်းတိုင်းလိုလိုမှာ အသုံးပြုခဲ့တဲ့ Symbian Operating System နဲ့ Nokia ဖုန်းတလုံးဖြစ်ပြီး၊ ၃.၂ လက်မအရွယ် Touchscreen Display ၊ 3G ကွန်ရက်အသုံးပြုနိုင်မှုတို့ကြောင့် ရောင်းအားကောင်းခဲ့တဲ့ ဖုန်း ဖြစ်ပါတယ်။ Nokia 5320 GPS Chip တို့ 2MP Camera တို့ ပါဝင်လာပြီး၊ RAM အနေနဲ့လည်း 128MB အထိ ပါဝင်လာ ပါတယ်။ microSD ကတ်လည်း စိုက်အသုံးပြုနိုင်ပါတယ်။

၈။ Samsung E1100 (အလုံးရေ သန်းပေါင်း ၁၅၀ ကျော် ရောင်းချခဲ့ရ)

 

 

Nokia 2600 လိုပဲ အကြမ်းခံတဲ့ ကိုယ်ထည်နဲ့ ၁၃ ရက်အထိ တာရှည်အသုံးခဲ့တဲ့ ဘက်ထရီတို့ကြောင့် လူကြိုက်များခဲ့တဲ့ Samsung E1100 ကို ၂၀၀၉ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဈေးနှုန်းသက်သာမှုနဲ့ တကမ္ဘာလုံးမှာ လွယ်ကူစွာ ဝယ်ယူနိုင်မှုတို့ကြောင့် အောင်မြင်ခဲ့တဲ့ ဖုန်းတလုံးဖြစ်ပါတယ်။ Samsung E1100 မှာတော့ ၁.၅၂ လက်မအရွယ် Display ၊ 1MB Storage နဲ့ Flashlight တို့ ပါဝင်ပါတယ်။

၉။ Nokia 2600 (အလုံးရေ ၁၃၅ သန်းကျော် ရောင်းချခဲ့ရ)

 

 

၂၀၀၄ ခုနှစ်မှာပဲ စတင်ရောင်းချခဲ့တဲ့ Nokia 2600 ဟာ ယခုခေတ် စံနှုန်းတွေနဲ့ ကြည့်မယ်ဆိုရင်တော့ သိပ်စွဲမက်စရာ မရှိတဲ့ ဖုန်းတလုံးဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းခံတဲ့ကိုယ်ထည်နဲ့ ၁.၅ လက်မ Display ကြောင့် နာမည်ကြီးတဲ့ ရိုးရိုးရှင်းရှင်း Nokia ဖုန်းတလုံးဖြစ်ပြီး၊ အလုံးရေ ၁၃၅သန်းကျော် ရောင်းချခဲ့ရပါတယ်။ Nokia 2600 ဖုန်းမှာ ကင်မရာ မပါဝင်သလို၊ Bluetooth တောင် မပါဝင်ပါဘူး။ ဒါပေမယ့် ဘက်ထရီသက်တမ်း အလွန်ခံပြီး၊ သက်သာတဲ့ ဈေးနှုန်းကြောင့် လူတိုင်းနီးပါး ကြိုက်နှစ်သက်ခဲ့တဲ့ ဖုန်းတလုံးဖြစ်တယ်လို့ သိရပါတယ်။

၁၀။ Motorola Razr V3 (အလုံးရေ သန်းပေါင်း ၁၃၀ ကျော် ရောင်းချခဲ့ရ)

 

 

၂၀၀၄ ခုနှစ်က စတင်ရောင်းချခဲ့တဲ့ Motorola Razr V3 ဟာ အဲဒီအချိန်က ခေါက်ဖုန်းတွေထဲမှာ ဒီဇိုင်းဆန်းသစ် ခွဲထွက် ထားတဲ့ ဖက်ရှင်ကျဖုန်းတလုံးအဖြစ် နာမည်ကြီးခဲ့တဲ့ ဖုန်းတလုံးဖြစ်ပါတယ်။ ဒီဖုန်းဟာ သမိုင်းတလျှောက် အရောင်းရဆုံး ဖုန်းစာရင်းမှာ နံပါတ် ၁၀ ချိတ်ထားပြီး၊ အရောင်းရဆုံး ခေါက်ဖုန်းတွေထဲမှာ နံပါတ် (၁) ဖြစ်ပါတယ်။

သမိုင်းတလျှောက်ရောင်းအားအကောင်းဆုံးဖုန်းစာရင်းကို ကြည့်မယ်ဆိုရင် Nokia ဖုန်းတွေပဲ အဓိကကြီးစိုးထားတာကို တွေ့မြင်ရမှာပါ။ ဒါပေမယ့် ပြောင်းလဲလာတဲ့ နည်းပညာရေစီးကြောင်းနဲ့အတူ Nokia အမှတ်တံဆိပ်လည်း ဆိုးရွားတဲ့ အခြေအနေမှာ ရင်ဆိုင်ခဲ့ရပြီး၊ ၂၀၁၄ ခုနှစ်မှာ Nokia ဖုန်းလုပ်ငန်းကို Microsoft ဆီ ထိုးရောင်းခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ HMD Global က ပြန်လည်ဝယ်ယူခဲ့ပြီး အခုအခါ Nokia အမှတ်တံဆိပ် Android ဖုန်းတွေနဲ့ Feature Phone တွေကို ပြန်လည်ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။

Ref: Android Authority

Did you find apk for android? You can find new Free Android Games and apps.
Loading