ဖုန်းမှာ ကင်မရာများလေ ကြိုက်လေ ဆိုတဲ့လူတွေအတွက် ကင်မရာ ၉ လုံးအထိ ပါဝင်တဲ့ စမတ်ဖုန်းတလုံးကို မကြာခင် အမှန်တကယ် တွေ့မြင်ရတော့မှာပါ။
Light လို့ အမည်ရတဲ့ ကုမ္ပဏီတခုဟာ ကင်မရာ ၉ လုံးအတိ ပါဝင်တဲ့ စမတ်ဖုန်းတလုံးကို ထုတ်လုပ်ဖို့ အတွက် Prototype မော်ဒယ်တွေနဲ့ စမ်းသပ်နေပြီဖြစ်ကြောင်း The Washington Post သတင်းစာမှာ ဖော်ပြထားပါတယ်။
တခါမှတောင် နာမည်မကြားဖူးတဲ့ Light ကုမ္ပဏီက ကင်မရာ ၉ လုံးနဲ့ ဖုန်းကို ထုတ်မယ်ဆိုလို့ အထင်တော့ မသေးလိုက်ပါနဲ့။ Light ဟာ ကင်မရာ ၁၆ လုံးအထိပါတဲ့ L16 Digital Camera ကို မနှစ်က စတင်ထုတ်လုပ် ရောင်းချပြီး၊ ကင်မရာ ဝါသနာရှင်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကန်ဒေါ်လာ ၁၉၅၀ တန် ကင်မရာ ၁၆ လုံးနဲ့ Device တောင် ထုတ်ဖူးတဲ့ Light အတွက် ကင်မရာ ၉ လုံး ဖုန်းက စာမဖွဲ့လောက်ပါဘူး။
ပြီးတော့ Light ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံထားသူတွေထဲမှာ နာမည်ကြီး Foxconn လို ကုမ္ပဏီတွေပါ ရှိတဲ့အတွက် နည်းနည်းတော့ ရင်ခုန်ဖို့ ကောင်းပါတယ်။ Light ရဲ့ အဆိုအရတော့ အခုစမ်းသပ်နေတဲ့ Prototype မော်ဒယ် ဖုန်းမှာ တပ်ဆင်ထားတဲ့ ကင်မရာ Lens အတွဲလိုက်ဟာ 64-megapixel ဓာတ်ပုံတွေအထိ ရိုက်ကူးနိုင်ပြီး၊ Low-light ဓာတ်ပုံတွေမှာ သိသိသာသာ ကောင်းမွန်မှု အရည်အသွေးကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Depth Effect တွေမှာလည်း DSLR နီးပါး သေသပ်လှပတဲ့ပုံတွေကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီက အရိပ်အမြွက် ဆိုထားပါတယ်။ ဒါပေမယ့် ကင်မရာ Lens ၉ ခုက ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေကို ပေါင်းစည်းဖို့ အတွက်တော့ ဖုန်း Processing Power တော်တော်များများ လိုအပ်မှာပါ။
Washington Post ရဲ့ ဖော်ပြချက်အရတော့ Light စမ်းသပ်နေတဲ့ ဖုန်းမော်ဒယ်ဟာ iPhone X ထက် မဆိုစလောက်ပဲ ထူပြီး၊ ယခု နှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိလာနိုင်ခြေရှိတယ်လို့ သိရပါတယ်။ Prototype စမ်းသပ် မော်ဒယ်အဆင့်လောက်ပဲ ရှိသေးတာကြောင့် ဖုန်းနဲ့ ပတ်သက်ပြီး တခြားအသေးစိတ် အချက်အလက် တွေကိုတော့ မသိရသေးပါဘူး။
Ref: The Verge, Tech Crunch