Apple ဟာ အခု ၂၀၁၈ ခုနှစ်အတွင်းမှာ ပိုမိုကြီးမားတဲ့ iPhones မော်ဒယ်အသစ်တွေကို ထုတ်ဖို့ရှိတယ်ဆိုတာ တော်တော်များများ သိပြီးကြပြီ ထင်ပါတယ်။ အခုတော့ Apple ဟာ 2018 iPhones မော်ဒယ်အသစ်တွေကို အရောင် မျိုးစုံနဲ့ပါ ထုတ်သွားဖို့ ရှိနေတယ်လို့ ထပ်မံသိရှိရပါတယ်။
နာမည်ကျော် ဈေးကွက်လေ့လာသူ Ming-Chi Kuo ရဲ့အဆိုအရ Apple ဟာ ၆.၅ လက်မအရွယ် OLED Display နဲ့ iPhone မော်ဒယ်အသစ်ရယ် ၆.၁ လက်မအရွယ် LED Display နဲ့ iPhone ရယ်ဆိုပြီး နှစ်မျိုးထုတ်ဖို့ ရှိတယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။
ဒါ့အပြင် Apple ဟာ အခု iPhone အသစ်တွေကို အရောင်စုံစုံလင်လင်နဲ့ ထုတ်ဖို့ရှိပြီး ၆.၅ လက်မအရွယ် iPhone အတွက် အနက်၊ အဖြူနဲ့ ရွှေရောင်ရယ် ထုတ်သွားမှာဖြစ်ကာ ၆.၁ လက်မအရွယ် iPhone ကိုတော့ မီးခိုးရောင်၊ အဖြူရောင်၊ အပြာရောင်၊ အနီရောင်နဲ့ လိမ္မော်ရောင်ဆိုပြီး အရောင် ၅ မျိုး အထိ ထုတ်ဖို့ ရှိတယ်လို့ သိရပါတယ်။
၂၀၁၃ ခုနှစ်တုန်းကထွက်ခဲ့တဲ့ iPhone 5C တုန်းကတော့ ပိုလီကာဘွန်နိတ် ပလတ်စတစ် ကိုယ်ထည်နဲ့ ဖြစ်တာကြောင့် အစိမ်းရောင်၊ အပြာရောင်၊ အဝါရောင်၊ ပန်းရောင်နဲ့ အဖြူရောင်ဆိုပြီး ကာလာစုံစုံလင်လင် ထုတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း iPhones မော်ဒယ်အသစ်တွေမှာတော့ Apple ဟာ ငွေရောင်/အဖြူရောင်၊ မီးခိုးရောင်/အနက်ရောင် နဲ့ ရွှေရောင် (Rose Gold) ဆိုပြီး ကာလာ ၃ မျိုးလောက်ပဲ အဓိကထုတ်ခဲ့ပါတယ်။ အရောင်အသစ်တွေ လိုချင်တဲ့ Apple ပရိတ်သတ်တွေအတွက် ရွေးချယ်စရာသိပ်မရှိခဲ့ပါဘူး။
အနီရောင် iPhone တွေ ထုတ်ထားတယ်ဆိုပေမယ့်လည်း မော်ဒယ်အသစ်တွေ မိတ်ဆက်ပြီး လတော်တော်ကြာမှ Product (RED) ဆိုပြီး အသစ်ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါတောင် အာဖရိကတိုက်မှာ HIV/AIDS တိုက်ဖျက်နေတဲ့ RED အဖွဲ့အစည်းအတွက် ရန်ပုံငွေရှာတဲ့ သဘောနဲ့ပဲ ထုတ်ပေးတာပါ။ လိမ္မော်ရောင် iPhone ဆို အခုအချိန်ထိ တခါမှ မထုတ်ဖူးသေးပါဘူး။
အခုလိုမျိုး မိတ်ဆက်ကတည်းက အရောင်စုံစုံလင်လင်နဲ့ မိတ်ဆက်မယ်ဆိုရင် ၂၀၁၈ ခုနှစ်ဟာ iPhone ချစ်သူတွေ အနေနဲ့ ကိုယ့်စိတ်ကြိုက် အရောင်စုံစုံလင်လင် ရွေးချယ်လာနိုင်မယ့်နှစ် ဖြစ်လာဖို့ ရှိပါတယ်။
Ref: The Verge, 9to5Mac