Vivo ကုမ္ပဏီဟာ ပြီးခဲ့တဲ့ တပတ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပသွားခဲ့တဲ့ “MWC Shanghai 2018” ပွဲမှာ ကုမ္ပဏီရဲ့ 3D Face Unlock နည်းပညာသစ်ကို ပြသသွားခဲ့ပါတယ်။
“Time of Flight (TOF) 3D Sensing Technology” လို့ အမည်ပေးထားတဲ့ Vivo ရဲ့ 3D Face Unlock နည်းပညာသစ်ဟာ အသုံးပြုသူ မျက်နှာကို အလင်းစက်ပေါင်း ၃၀၀,၀၀၀ အထိ ထိုးပြီး မျက်နှာ 3D ပုံစံ ယူနိုင်မှာ ဖြစ်ပါတယ်။ iPhone X မှာ အသုံးပြုထားတဲ့ FaceID ဟာ အလင်းစက် ၃၀,၀၀၀ အထိပဲ ထိုးပြီး ပုံဖော်ပေးတာ ဖြစ်တာကြောင့် Vivo ရဲ့ နည်းပညာအသစ်ဟာ Apple Face ID ထက် ၁၀ ဆ ပိုမို အသေးစိတ်တယ်လို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်။
Structured Light လို့ ခြုံငုံခေါ်တဲ့ အရာဝတ္ထုတခုကို အနီအောက်ရောင်ခြည်နဲ့ ထိုးပြီး 3D ပုံဖော်တဲ့ နည်းပညာဟာ အခုနောက်ပိုင်းစမတ်ဖုန်းတွေ အားလုံးလိုလိုမှာ ပါဝင်လာတဲ့နည်းပညာတခုဖြစ်ပါတယ်။
ဒါ့အပြင် Vivo ရဲ့ TOF 3D Sensing နည်းပညာသစ်ဟာ ဖုန်းနဲ့ အကွာအဝေး ၃ မီတာ (၉.၈ ပေ) အကွာအဝေး လောက်ကနေပါ 3D Mapping ပုံဖော်မှုလုပ်ပေးနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ၁၀ ပေလောက် အကွာအဝေးကနေပါ 3D ပုံဖော်နိုင်တာကြောင့် မျက်နှာအပြင် အသုံးပြုသူရဲ့ လက်လှုပ်ရှားမှုပုံစံနဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုတွေကိုပါ ဖမ်းယူပုံဖော်ပြီး၊ 3D ဓာတ်ပုံနဲ့ Augmented Reality (AR) ဂိမ်းတွေ၊ Applications တွေမှာ ပြန်အသုံးချလာနိုင်မှာပါ။
ယခု TOF နည်းပညာအသစ်ကို ဖုန်းတွေမှာ အမှန်တကယ်အသုံးချလာနိုင်ရင် အသုံးပြုသူတွေအနေနဲ့ ဖုန်းကင်မရာ စနစ်ကိုပဲ အသုံးပြုပြီး အရာဝတ္ထုတခုလုံးကို 3D Scan ဖတ်ကာ၊ 3D Virtual Object တွေ ကိုယ်တိုင် ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။ ဥပမာ- အခန်းတွင်းက ပရိဘောဂ ပစ္စည်းတွေကို Scan ဖတ်ပြီး ဖုန်း Application ထဲမှာ နေရာ အစမ်း ရွှေ့ကြည့်တာ၊ အခန်းနဲ့ လိုက်မယ့် ပစ္စည်းအသစ်တွေ စမ်းထားကြည့်တာ မျိုးတွေပါ လုပ်လာနိုင်ဖို့ ရှိပါတယ်။
“TOP 3D Sensing Technology နဲ့ AI တို့ကို ပေါင်းစပ်ပြီး၊ အနာဂတ်အတွက် နည်းပညာအသစ်တွေကို ဆက်လက် အကောင်အထည်ဖော်ဖို့ ရှိပါတယ်” လို့ Vivo ရဲ့ အကြီးတန်း အမှုဆောင်အရာရှိတဦးဖြစ်သူ Alex Feng က The Verge ကို ပြောကြားခဲ့ပါတယ်။
Vivo ကုမ္ပဏီရဲ့ ရည်ရွယ်ချက်နောက်တခုကတော့ TOF နည်းပညာနဲ့ အသုံးပြုသူရဲ့ ခန္ဓာကိုယ်တခုလုံးကို Scan ဖတ်ပြီး၊ ကုမ္ပဏီရဲ့ Beautification AI နဲ့ ခန္ဓာကိုယ်မှာ အဝတ်အစားတွေ စမ်းဝတ်ကြည့်တာ၊ ခန္ဓာကိုယ် တခုလုံးကို ပိုလှသွားအောင် လုပ်ပေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။
Vivo ဟာ အခု TOF နည်းပညာအသစ်ကို MWC Shanghai မှာ လက်တွေ့ အစမ်း ပြသသွားပေမယ့်၊ ဖုန်းထဲမှာတော့ မဟုတ်ဘဲ သက်သက် Device တခုနဲ့ ပြသသွားတာ ဖြစ်ပါတယ်။
Ref: Gadgets 360, The Verge