Facebook တည်ထောင်သူ Mark Zuckerberg ဟာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် Warren Buffet ကို ကျော်လွန်ပြီး ကမ္ဘာ့တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါပြီ။
ပြီးခဲ့တဲ့ သောကြာနေ့၊ ဇွန်လ ၆ ရက်နေ့တုန်းက Facebook ရှယ်ယာတန်ဖိုး ၂ ဒဿမ ၄ ရာခိုင်နှုန်းအထိ မြင့်တက် သွားခဲ့ပြီးနောက်မှာ Zuckerberg ဟာ Buffet ကို ကျော်လွန်သွားခဲ့တာဖြစ်တယ်လို့ Bloomberg က ဖော်ပြထားပါတယ်။
Mark Zuckerberg ရဲ့အပေါ်မှာတော့ Microsoft ပူးတွဲတည်ထောင်သူ Bill Gates က ဒုတိယနေရာနဲ့ Amazon.com ကို တည်ထောင်သူ Jeff Bezos က ပထမနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ အခု ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၃ ဦးစလုံးကို ကြည့်မယ်ဆိုရင် အားလုံးဟာ နည်းပညာလုပ်ငန်းနဲ့ ကြီးပွားလာသူတွေဖြစ်နေတာကို တွေ့ရမှာပါ။
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်း သမိုင်းတလျှောက်မှာလည်း ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံး သုံးနေရာစလုံးကို နည်းပညာလုပ်ငန်းရှင်တွေပဲ ကြီးစိုးထားနိုင်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်သာရှိသေးတဲ့ Mark Zuckerberg ဟာ လက်ရှိမှာ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၈၁ ဒဿမ ၆ ဘီလီယံ ရှိနေပြီ ဖြစ်ပြီး၊ အသက် ၈၇ နှစ်အရွယ် Warren Buffet ထက် ဒေါ်လာ ၃၇၃ သန်းကျော် ပိုများပါတယ်။ Bill Gates ကတော့ ပိုင်ဆိုင်မှုတန်ဖိုး စုစုပေါင်း ၉၄ ဒဿမ၂ ဘီလီယံ ရှိပြီး၊ Jeff Bezos ကတော့ ၁၄၂ ဘီလီယံအထိ ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။
Facebook ဟာ ပြီးခဲ့တဲ့လတွေမှာ ဒေတာလုံခြုံမှုပိုင်းနဲ့ ပတ်သတ်ပြီး နာမည်ဆိုးတွေ ထွက်ခဲ့ပေမယ့်၊ ကုမ္ပဏီရဲ့ စတော့ရှယ်ယာ တန်ဖိုးတွေကတော့ ရင်းနှီးမြှုပ်နှံသူတွေကြောင့် မြင့်တက်လျက်ရှိပြီး၊ ပြီးခဲ့တဲ့ သောကြာနေ့ စတော့ပိတ်ချိန်မှာ ရှယ်ယာတစုကို ၂၀၃ ဒဿမ၂၃ ဒေါ်လာ တန်ဖိုးအထိ စံချိန်တင်ရောက်ရှိခဲ့ပါတယ်။
Bloomberg ရဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အယောက် ၅၀၀ စာရင်းမှာ နည်းပညာနယ်ပယ်က ကြွယ်ဝမှု အများဆုံးဖြစ်ပြီး၊ စာရင်းစုစုပေါင်းတန်ဖိုး ဒေါ်လာ ၅ ထရီလျံကျော်ရဲ့ ၅ ပုံ ၁ ပုံလောက်အထိ ရှိနေတာ တွေ့မြင်ရပါတယ်။
တချိန်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းမှာ အချိန်ကြာမြင့်စွာ ရပ်တည်နိုင်ခဲ့တဲ့ Warren Buffet ဟာ ပရဟိတ လှူဒါန်းမှုတွေကြောင့် တဖြည်းဖြည်း အဆင့်ကျဆင်းလာလျက်ရှိပါတယ်။ Buffet ဟာ သူပိုင်ဆိုင်တဲ့ Berkshire Hathaway ကုမ္ပဏီလုပ်ငန်းစုရဲ့ Class B ရှယ်ယာပေါင်း သန်း ၂၉၀ ကျော်ကို Bill Gates ဖောင်ဒေးရှင်းနဲ့ တခြား ပရဟိတ လုပ်ငန်းတွေကို လှူဒါန်းခဲ့ပြီး၊ အဆိုပါရှယ်ယာတွေဟာ အခုအချိန်မှာ ဒေါ်လာ ၅၀ ဘီလီယံလောက်အထိ တန်ကြေးရှိပါတယ်။
Mark Zuckerberg ကလည်း သူပိုင်ဆိုင်တဲ့ Facebook ရှယ်ယာအားလုံးရဲ့ ၉၉ ရာခိုင်နှုန်းအထိကို အသက်ရှင်လျက် ရှိစဉ်မှာ လှူဒါန်းသွားမှာဖြစ်ကြောင်း ကတိကဝတ်ပြုထားပါတယ်။
Ref: Bloomberg