တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ Samsung ဟာ အိန္ဒိယနိုင်ငံ၊ Noida မြို့မှာ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းစက်ရုံကို ယနေ့၊ ဇူလိုင်လ ၉ ရက်နေ့၊ တနင်္လာနေ့မှာ တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
တိုးချဲ့စက်ရုံသစ်ကို အိန္ဒိယနိုင်ငံမှာ အလည်အပတ် ရောက်ရှိနေတဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Narendra Modi တို့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး၊ ယခုစက်ရုံဟာ လစဉ် မိုဘိုင်းဖုန်း ထုတ်လုပ်နိုင်မှု ပမာဏနဲ့ တွက်ချက်မယ်ဆိုရင် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းစက်ရုံလည်း ဖြစ်တယ်လို့ သိရပါတယ်။
Noida မြို့၊ Sector 81 မှာ တည်ရှိတဲ့ ယခုစက်ရုံသစ်ဟာ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်ကတည်းက လည်ပတ်လျက်ရှိတဲ့ Samsung စက်ရုံကို အသစ်တိုးချဲ့ဖွင့်လှစ်လိုက်တဲ့ စက်ရုံဖြစ်ပြီး၊ ယခင်က တလကို စမတ်ဖုန်း အလုံးရေ ၆၇ သန်းခန့် ထုတ်လုပ်ခဲ့ရာကနေ အခုတိုးချဲ့မှု အပြီးမှာ တလကို စမတ်ဖုန်းအလုံးရေ သန်း ၁၂၀ လောက်အထိ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
တကမ္ဘာလုံး စမတ်ဖုန်း ရောင်းချရမှုရဲ့ ၁၀ ရာခိုင်နှုန်းလောက်က အိန္ဒိယနိုင်ငံမှာ ဖြစ်ပြီး၊ ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး မိုဘိုင်းဖုန်း ဈေးကွက်အဖြစ်လည်း သတ်မှတ်ခံထားရတာကြောင့် Samsung အနေနဲ့ အခုလိုကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ စမတ်ဖုန်းအသုံးပြုသူအရေအတွက်ဟာ ၂၉၉ သန်းရှိပြီး၊ ယခု ၂၀၁၈ နှစ်ကုန်ရောက်ရင် ၃၄၀ သန်းအထိ မြင့်တက်လာနိုင်ဖွယ်ရှိနေပါတယ်။
၂၀၂၂ ခုနှစ်ရောက်ရင်တော့ အိန္ဒိယနိုင်ငံရဲ့စမတ်ဖုန်းအသုံးပြုသူအရေအတွက်ဟာ ၄၄၂ သန်းအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ Sasmung ဟာ ရူပီးငွေ သန်းပေါင်း ၄၉၁၅၀ ကျော် အကုန်အကျခံတိုးချဲ့ ဖွင့်လှစ်ထားတဲ့ ယခုစက်ရုံသစ်ကနေ အိန္ဒိယဈေးကွက် အတွင်းသာမက ဥရောပ၊ အနောက်အာရှနဲ့ အာဖရိကတိုက်တွေကိုပါ စမတ်ဖုန်းတွေ တင်ပို့ရောင်းချသွားမှာလည်း ဖြစ်ပါတယ်။
Ref: Times of India