အသက် ၁၃ နှစ်အရွယ်၊ ဆယ်ကျော်သက် ယောကျာ်းလေးတဦးဟာ “စူးစမ်းလိုစိတ်” နဲ့ ဆီးလမ်းကြောင်းထဲကို ဖုန်းအားသွင်းကြိုး ထိုးထည့်ပြီးနောက် ပြန်ထုတ် မရတော့တဲ့အတွက် ခွဲစိတ်ဖယ်ရှားခဲ့ရတယ်လို့ သိရပါတယ်။
အမည် မဖော်ပြထားတဲ့ အဆိုပါ ဆယ်ကျော်သက် ကောင်လေးဟာ ဖုန်းအားသွင်းတဲ့ USB Cable ကို သူ့ရဲ့ ကျားအင်္ဂါ ဆီးလမ်းကြောင်းထဲကနေ တဝက်လောက် (၇ ဒဿမ ၈ လက်မခန့် ) အထိ ထည့်ပြီးနောက်မှာ ပြန်ထုတ်လို့မရတော့တာကြောင့် မိဘတွေကို အသိပေးခဲ့တာ ဖြစ်တယ်လို့ Mirror သတင်းဌာနက ဖော်ပြထားပါတယ်။
မိဘတွေဟာ အခုအဖြစ်အပျက်ကို သိသိချင်း သားဖြစ်သူကို တရုတ်နိုင်ငံ၊ အရှေ့မြောက်ပိုင်းပြည်နယ်က Linkcou ကောင်တီက ဒေသတွင်း ဆေးရုံတရုံကို ပို့ဆောင်ခဲ့ကြပါတယ်။ ဆေးရုံဝန်ထမ်းတွေဟာ ဖုန်းအား သွင်းကြိုးကို ချောဆီနဲ့ သမားရိုးကျ ပြန်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့်၊ ကြိုးဟာ ဆီးအိမ်ထဲမှာ ခွေနေတဲ့ အတွက် မအောင်မြင်ခဲ့ပါဘူး။
အဆိုပါနည်းလမ်းဟာ လူနာအတွက်လည်း အလွန်တရာ နာကျင်မှုကို ဖြစ်ပေါ်စေတဲ့အတွက် နောက်နေ့ မှာတော့ Harbin ကလေးဆေးရုံကို ပြောင်းလဲပို့ဆောင်ပြီး ခွဲစိတ်ဖယ်ရှားခဲ့ရတာဖြစ်ပါတယ်။
“ကလေးက အားသွင်းကြိုး တဖက်ထိပ်ကို ဖြတ်ပြီး၊ ဆီးလမ်းကြောင်းထဲကနေ ကြိုးကို ထည့်ခဲ့တာပါ။ ကြိုးက ဆီးအိမ်ထဲ ရောက်သွားတဲ့အခါမှာ ခွေခေါက်ပြီး ကြိုးထုံးသလို ဖြစ်သွားခဲ့ပါတယ်။ ဒါကို သူပြန်ထုတ်ဖို့လုပ်တော့ ကြိုးက ဆီးအိမ်ထဲမှာ ညှပ်သွားတာပေါ့” လို့ ဆေးရုံရဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါအထူးကု ဆရာဝန်တဦး ဖြစ်တဲ့ Xu Liyan က ရှင်းပြခဲ့ပါတယ်။
ဆရာဝန် Xu Liyan နဲ့ သူမရဲ့ အဖွဲ့ဟာ ဆီးအိမ်ကို ခွဲစိတ်ပြီးနောက်၊ ထုံးနေတဲ့ကြိုးကို ဖြတ်ထုတ် ဖယ်ရှားခဲ့ပြီး၊ ကျန်နေတဲ့ ကြိုးကိုတော့ ထည့်ထားတဲ့အတိုင်း ဆီးလမ်းကြောင်းဝကနေ ပြန်ထုတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ခွဲစိတ်မှုအပြီး ၂ ပတ်အကြာ၊ ဇူလိုင်လ ၃ ရက်နေ့မှာတော့ အဆိုပါ ဆယ်ကျော်သက် ကောင်လေးဟာ ဆေးရုံကနေ ဆင်းသွားခဲ့ပြီလို့ သိရပါတယ်။
Ref: Mirror