ပြီးခဲ့တဲ့ ဇွန်လအတွင်းက မိတ်ဆက်သွားခဲ့တဲ့ Vivo ရဲ့ Screen အပြည့် Nex ဖုန်းကို လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာပဲ ဝယ်ယူရရှိနိုင်သေးပေမယ့်၊ မကြာခင် တခြားနိုင်ငံတွေမှာလည်း ဝယ်ယူရရှိနိုင်တော့မှာပါ။
ရိုက်ခါနီးမှ အလိုအလျောက် ထွက်လာမယ့် ကင်မရာ၊ Notch မပါဝင်ဘဲ Screen အပြည့်ဒီဇိုင်း စတဲ့ အချက်တွေကြောင့် ချီးကျူးမှုခံခဲ့ရတဲ့ Vivo Nex ဖုန်းကို ရုရှား၊ အိန္ဒိယ၊ မလေးရှား၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်နိုင်ငံတို့မှာ ယခုဂျူလိုင်လအတွင်း ရောင်းချသွားမှာဖြစ်ကြောင်း Vivo ကုမ္ပဏီက တနလာၤနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လောလောဆယ်တော့ အဆိုပါ ၅ နိုင်ငံမှာပဲ ရောင်းချသွားမယ်လို့ ကြေညာထားသေးပေမယ့်၊ မကြာခင်လပိုင်းအတွင်း တခြားနိုင်ငံတွေကိုလည်း ရောက်ရှိလာနိုင်ပါတယ်။
Vivo Nex စမတ်ဖုန်းဟာ Snapdragon 845 Chipset ရယ် Under-display Fingerprint Scanner ရယ်ပါတဲ့ Nex S စမတ်ဖုန်းနဲ့ Snapdragon 710 သုံးထားပြီး၊ ဖုန်းကျောဘက်မှာပဲ ရိုးရိုး Fingerprint Scanner ပါတဲ့ Vivo Nex A ဖုန်းရယ်ဆိုပြီး နှစ်မျိုး ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Pop-up Camera အပါအဝင် ကျန်တဲ့ Design နဲ့ Specifications တွေကတော့ အတူတူပဲဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ Vivo Nex S စမတ်ဖုန်းကို Storage မော်ဒယ် ၂ မျိုးအတွက် တရုတ်ယွမ်ငွေ ၄၄၉၈ ( ဒေါ်လာ ၇၀၀ ခန့်) နဲ့ တရုတ်ယွမ်ငွေ ၄၉၉၈ (ဒေါ်လာ ၇၈၀ ခန့်) နဲ့ လက်ရှိရောင်းချလျက်ရှိပါတယ်။ Nex A ကတော့ ၆၀၅ ဒေါ်လာလောက်နဲ့ ရောင်းချနေပါတယ်။ တရုတ်နိုင်ငံပြင်ပမှာ ရောင်းချတဲ့အခါမှာတော့ အကောက်ခွန်တွေ၊ တခြားအခွန်တွေနဲ့ဆို ဈေးနည်းနည်းပိုများလာနိုင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အထုတ်အသွင်း လုပ်နိုင်တဲ့ ရှေ့ကင်မရာနဲ့ ဘောင် မပါဝင်တဲ့ Vivo “Nex” စမတ်ဖုန်း
Ref: GSM Arena, Cnet