ကြော်ငြာရှင်တွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို သုံးစွဲသူတွေကို ပိုမိုပြသနိုင်မယ့် နည်းလမ်းအသစ်ကို Facebook က စတင်စမ်းသပ်နေပါပြီ။
Facebook ဟာ ယခုနှစ် အစောပိုင်းတုန်းက ကျင်းပခဲ့တဲ့ F8 Developer Conference မှာ ကုမ္ပဏီအနေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပေါင်းပြီး Messenger ထဲမှာ AR နည်းပညာသုံးကြော်ငြာတွေကို ထည့်ဖို့ အစီအစဉ်ရှိကြောင်း ကြေညာခဲ့ပါတယ်။ အခုချိန်မှာတော့ ကြေညာခဲ့တဲ့အတိုင်း တကယ်ထွက်ရှိ လာပါပြီ။ Messenger ထဲမှာတော့ မဟုတ်ဘဲ Facebook News Feed တွေမှာ စတင်စမ်းသပ်နေတာပါ။ လောလောဆယ်တော့ Facebook နဲ့ လက်တွဲထားတဲ့ ကြော်ငြာရှင် တချို့မှာပဲ ဒီ AR (Augmented Reality) Ads တွေကို စမ်းသုံးနိုင်ဦးမှာဖြစ်ပါတယ်။
AR Ads တွေဟာ သင့် News Feed မှာ သာမန်မြင်တွေ့နေကြ ကြော်ငြာတွေ ပုံစံအတိုင်းပဲ မြင်တွေ့ရမှာပါ။ ဒီတိုင်းကြည့်ရင် ဘာမှမထူးခြားပါဘူး။ ဒါပေမယ့် ဒီကြော်ငြာတွေမှာ ““Tap to try it on””ဆိုတဲ့ Button ပါရှိမှာ ဖြစ်ပြီး၊ ဖွင့်လိုက်တာနဲ့ အဆိုပါကြော်ငြာထဲက ပစ္စည်းကို ကင်မရာထဲက သင့်မျက်နှာ၊ ခန္ဓာကိုယ်မှာ အစမ်း ဝတ်ဆင် ကြည့်နိုင် မှာဖြစ်ပါတယ်။ ကိုယ်နဲ့ လိုက်တယ်၊ ကြိုက်တယ်ဆိုရင်တော့ ဒီ Product ကို ဝယ်ရုံပါပဲ။
“ပုံမှန်ဆို ကိုယ်လိုချင်တဲ့ပစ္စည်းတခုခုကို လိုက်မလိုက် ကြည့်ချင်ရင် ဆိုင်ထဲထိ သွားပြီး ဝတ်ကြည့်၊ တပ်ကြည့် ရပါတယ်။ ဒီလိုမျိုး စမ်းဝတ်ကြည့်ရတာကို ကြိုက်တဲ့လူတွေချည်းပါပဲ။ ဒါပေမယ့် အိမ်ကနေ ထိုင်ရာ မထ စမ်းဝတ်ကြည့်နိုင်ရင်လည်း ပိုသဘောကျမှာပါ” လို့ Facebook ရဲ့ Product Marketing ဌာန လက်ထောက် ဦးစီးမှူး Ty Ahmad-Taylor က အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ Facebook ရဲ့ ကြော်ငြာအစီအစဉ် စာနယ်ဇင်း ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
Facebook ရဲ့ အဆိုအရ News Feed မှာ AR Ads တွေကို ပထမဆုံး စမ်းသပ်ခွင့်ရခဲ့တဲ့ အမှတ်တံဆိပ် Brand ကတော့ Michael Kors ဖြစ်တယ်လို့ သိရပါတယ်။ Michael Kors ပြီးနောက် အခုဆိုရင် Sephora, NYX Professional Makeup, Bobbi Brown, Pottery Barn, Wayfair နဲ့ King အမှတ်တံဆိပ်တွေကလည်း AR Ads တွေကို နွေရာသီ ကုန်လောက်မှာ ကိုယ်တိုင် စမ်းသပ်သုံးကြည့်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
Ref: Tech Crunch, Facebook