ယခုနှစ်အတွက် iPhone မော်ဒယ်အသစ်တွေကို ကြေညာတော့မယ့်ရက် တဖြည်းဖြည်း နီးလာတာနဲ့အမျှ iPhone နဲ့ ပတ်သက်တဲ့ သတင်းတွေလည်း တခုပြီးတခု ဆက်တိုက် ကြားလာရပြီ ဖြစ်ပါတယ်။
အတည် မပြုရသေးပေမယ့် သေချာသလောက် ရှိနေတ ဲ့သတင်းတခုကတော့ Apple အနေနဲ့ ယခုနှစ်မှာ iPhone မော်ဒယ် အသစ် ၃ ခုအထိ ထုတ်မယ် ဆိုတဲ့သတင်းပါ။ Apple ဟာ အခုနှစ်ကုန်ခါနီးမှာ ၆ ဒဿမ ၁ လက်မအရွယ် LCD Display နဲ့ iPhone မော်ဒယ်သစ် တခုရယ်၊ ၅ ဒဿမ ၈ လက်မအရွယ် iPhone X မော်ဒယ်အသစ်တခုရယ်နဲ့ မျက်နှာပြင်ပိုကြီးတဲ့ ၆ ဒဿမ ၅ လက်မအရွယ် iPhone X Plus ရယ်ဆိုပြီး ထုတ်ဖို့ရှိနေပါတယ်။
နည်းပညာ ကုမ္ပဏီတွေရဲ့ စီးပွားရေးဆိုင်ရာ အထူးပြုလေ့လာတဲ့ကုမ္ပဏီတခုဖြစ်တဲ့ BlueFin Research ရဲ့ အသစ် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ Apple ဟာ အခု အသစ်ထုတ်မယ့် iPhone မော်ဒယ်အသစ် ၃ ခုကိုပဲ အာရုံစိုက် ထုတ်လုပ်သွားဖို့ရှိပြီး၊ လက်ရှိ ရောင်းချနေတဲ့ iPhone X နဲ့ ဒိတ်အောက်သွားပြီဖြစ်တဲ့ iPhone SE တို့ကို ထုတ်လုပ်မှု လုံးဝ ရပ်ဆိုင်းလိုက်ပစ်ဖို့ ရှိတယ်လို့ သိရပါတယ်။
iPhone မော်ဒယ် အဟောင်း ပိုင်ရှင်တွေအနေနဲ့လည်း ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ Upgrade လုပ်ဖို့ ရွေးချယ်စရာ မော်ဒယ် သိပ်မရှိခဲ့တဲ့အတွက် အခုနှစ် iPhone မော်ဒယ်တွေ အသစ်ထွက်လာမှ အလုံးအရင်းနဲ့ Upgrade လုပ်နိုင်ခြေရှိတယ်လို့ BlueFin က ခန့်မှန်းထားပါတယ်။ BlueFin ကတော့ ၂၀၁၈ ခုနှစ် iPhones အသစ်တွေကို iPhone 9 ၊ iPhone 11 နဲ့ iPhone 11 Plus လို့ နာမည်ပေးထားပါတယ်။
iPhones အသစ်တွေရဲ့ ဝယ်လိုအားဟာ စံချိန်တင် များပြားဖွယ် ရှိတာကြောင့် Apple အနေနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာတင် 2018 iPhones မော်ဒယ်အသစ် အလုံးရေ စုစုပေါင်း ၉၁ သန်းအထိ ထုတ်ဖို့ လျာထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ် ပထမ သုံးလပတ်နဲ့ ဒုတိယ သုံးလပတ်တို့မှာလည်း နောက်ထပ်အလုံးရေ ၉၁ သန်း ထပ်ထုတ်သွားဦးမှာပါ။ ဒါကြောင့် Apple ဟာ အခုမော်ဒယ်အသစ်တွေကိုပဲ သတ်မှတ်နှုန်းထား မှီအောင် ထုတ်လုပ်ဖို့ ကြိုးစားမှာဖြစ်ပြီး iPhone X နဲ့ iPhone SE တို့ကိုတော့ လုံးဝထုတ်လုပ်မှု ရပ်ဆိုင်းပစ်လိုက်နိုင်ပါတယ်။
၂၀၁၈ iPhone မော်ဒယ်အသစ်တွေမှာ ရောင်းအားအကောင်းဆုံးဖြစ်လာနိုင်တဲ့မော်ဒယ်တွေကတော့ စွမ်းဆောင်ရည် အမြင့်ဆုံးနဲ့ ထွက်ရှိလာမယ့် iPhone 11 Plus ရယ်၊ တန်ဖိုးနည်း iPhone 9 ရယ် ဖြစ်မယ်လို့လည်း သိရပါတယ်။
iPhone 8 စီးရီးနဲ့ ပတ်သတ်ပြီးတော့ ဘာအသံမှတော့ မကြားရသေးပါဘူး။
Ref: GSM Arena, 9to5Mac