Google ရဲ့ ဒဿမမြောက် Android Major Version ဖြစ်တဲ့ “Android P” ကို ယခုနှစ်၊ မတ်လမှာ စတင်ကြေညာ ခဲ့ပါတယ်။ Android P ကို ၊ လက်ရှိအချိန်မှာ စမ်းသပ်ဆဲဖြစ်ပြီး၊ စတုတ္ထမြောက် Preview ဗားရှင်းဖြစ်တဲ့ Beta 3 အဆင့် ရောက်နေပြီဖြစ်ပါတယ်။
Google ဘက်က Android P နာမည် အပြည့်အစုံကို အတိအကျ မပြောရသေးပေမယ့်၊ P ဆိုတာ မုန့်တခုခုရဲ့ နာမည်ပဲ ဖြစ်မယ်ဆိုတာ Android ပရိတ်သတ်တိုင်း သိကြမှာပါ။ ဘာလို့လဲ ဆိုတော့ Google ဟာ သူ့ Android ဗားရှင်းတိုင်းကို မုန့်နာမည်တွေပဲ ပေးနေကြမို့လို့ ဖြစ်ပါတယ်။ တချို့ကတော့ P ဆိုတာ “Pancake” လို့ ခန့်မှန်းထားကြပြီး၊ တချို့ကတော့ “Android Popsicle” (ရေခဲချောင်း) လို့ ခန့်မှန်းထားကြပါတယ်။
ဒါပေမယ့် Android P ရဲ့ နာမည်ဟာ အားလုံး မထင်မှတ်ထားတဲ့ နာမည်ဖြစ်လာဖို့ များနေပါပြီ။ ပိုလန် သတင်းဝက်ဘ်ဆိုဒ် တခုဖြစ်တဲ့ Tabletwo က ဖော်ပြချက်အရ အသုံးပြုသူ တယောက်ဟာ Huawei ရဲ့ ဝန်ဆောင်မှုဌာနကို ဆက်သွယ်ပြီး သူ့ Huawei P9 Lite Mini ဖုန်းမှာ EMUI 8.0/ Android 8.0 ရမလားဆိုပြီး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
Huawei ဘက်က ဒီမော်ဒယ်အတွက် Security Patches တွေပဲ ပြင်ဆင်ထားကြောင်း ဖြေကြားရင်းနဲ့ တနေရာမှာ Android Pistachio ဆိုတဲ့ နာမည်ကို ရေးသားသွားခဲ့တာ တွေ့ရှိခဲ့ရပါတယ်။ Huawei ပြောကြားချက်အတိုင်းဆိုရင်တော့ Android P ဟာ အရင်ကလို “KitKat ၊ Marshmallow ၊ Nougat ၊ Oreo” စတဲ့ မုန့်နာမည်တွေ မဟုတ်တော့ဘဲ သစ်စေ့ တမျိုးဖြစ်တဲ့ “Pistachio” ဖြစ်လာလောက်ပါတယ်။
နာမည်ကျော်မီဒီယာတခုဖြစ်တဲ့ Bloomberg ကလည်း Android P ကို Google က “Android Pistachio Ice Cream” ဆိုပြီး ခေါ်မယ်ဆိုပြီး တခါ ဖော်ပြဖူးတာကြောင့် Pistachio ပဲ ဖြစ်ဖို့ များသွားပါပြီ။ Pistachio Ice Cream က နာမည် နည်းနည်းရှည်တာကြောင့် Google အနေနဲ့ Android P ကို Android Pistachio လို့ နာမည်ပေးနိုင်လောက်ပါတယ်။
Ref: Android Pit, Phone Arena