4G အင်တာနက်ဝန်ဆောင်မှုအား ပိုမိုအဆင်ပြေစွာ သုံးစွဲနိုင်ရေး အတွက် အင်တာနက် ကွန်ရက်များ ချဲ့ထွင်လျှက်ရှိတဲ့ Ananda ကုမ္ပဏီမှ ယခုနှစ်ကုန်အတွင်း ရန်ကုန်တမြို့လုံးအား 4G ကွန်ရက် လွှမ်းခြုံနိုင်ရန် မျှော်မှန်းထားကြောင်း Ananda ကုမ္ပဏီမှ ဆိုပါတယ်။
လတ်တလောမှာ ကွန်ရက် ချဲ့ထွင်မှုလုပ်ငန်းများ အနေနဲ့ ပုံမှန် Micro site များအပြင် Small cells များကိုလည်း ထပ်မံ တည်ဆောက်သွားဖို့ ပြင်ဆင်နေကြောင်း Ananda ကုမ္ပဏီမှ မငြိမ်းချမ်းသူက ပြောပါတယ်။ မကြာခင် ကာလအတွင်းမှာ လည်း Ananda အနေနဲ့ ပုံမှန် ဒေတာ Plan များအပြင် လုပ်ငန်းသုံး Business Plan များကိုလည်း စတင်ရောင်းချနိုင်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။
မန္တလေးမြို့တွင်း အင်တာနက်ဝန်ဆောင်မှုအနေနဲ့ ယခုနှစ် အောက်တိုဘာလမှာ စတင်ရန် စီစဉ်ထားတယ်လို့လည်း Ananda ကုမ္ပဏီမှ ဆိုပါတယ်။ လက်ရှိ ရန်ကုန်မြို့မှာ ဆိုဒ်ပေါင်း ၄၅၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးနေသည့် Ananda ကုမ္ပဏီအနေဖြင့် ယခုနှစ်တွင် ဆိုဒ်ပေါင်း ၆၀၀ အထိ ချဲ့ထွင်သွားမည်ဖြစ်ပြီး ၃ နှစ်အတွင်း ဆိုဒ်ပေါင်း ၂၂၅၀ အထိ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
Ananda အနေဖြင့် World Cup Campaign ကံစမ်းမဲ အစီအစဉ်များ ပြုလုပ်ပေးလျှက်ရှိရာ ဇူလိုင် ၁၅ ရက်နေ့ ညနေပိုင်းက အစီအစဉ် နောက်ဆုံးပတ်အဖြစ် ကံထူးရှင်ရွေးချယ်ပွဲကိုလည်း ကမ္ဘာအေးဘုရားလမ်းပေါ်က Ananda ရုံးချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ကံထူးရှင်ရွေးချယ်ပွဲကို မြန်မာအမျိုးသားဘောလုံးအသင်း လက်ရွေးစင်ကစားသမား သန်းပိုင် တက်ရောက်ခဲ့ပြီး ဆုများ ချီးမြှင့်ပေးခဲ့ပါတယ်။
Ananda ကုမ္ပဏီဟာ IGE လုပ်ငန်းစုပိုင် လုပ်ငန်းခွဲတခုဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းအတွက် ၂၀၁၆ ခုနှစ်မှာ လုပ်ငန်းလိုင်စင် ရရှိခဲ့ပါတယ်။