IT

Facial Recognition နည်းပညာအပေါ် စည်းကမ်းသတ်မှတ် တင်းကြပ်ရန် Microsoft တိုက်တွန်း

နည်းပညာကုမ္ပဏီကြီး တခုဖြစ်ပြီး၊ ကိုယ်တိုင်လည်း Windows Hello စနစ်လို Biometric Recognition နည်းပညာတွေကို အကောင်အထည် ဖော်နေတဲ့ Microsoft ကုမ္ပဏီဟာ အခုခေတ်စားနေတဲ့ Facial Recognition (မျက်နှာသွင်ပြင်ဖတ် နည်းပညာ) ကို စည်းကမ်းတင်းကြပ်မှုတွေ ပြုလုပ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ဒီနည်းပညာဟာ လူသားတွေရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်နဲ့ လူအခွင့်အရေးတွေကို ချိုးဖောက်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် အခုလို စည်းကမ်းတင်းကြပ်ဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ Microsoft ရဲ့ ဥပဒေရေးရာ အရာရှိချုပ်လည်းဖြစ်၊ ကုမ္ပဏီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Brad Smit က Blog Post မှာ ရေးသားခဲ့ပါတယ်။

“ပါတီစွဲ ကင်းလွတ်တဲ့ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းပြီး၊ အမေရိကန်နိုင်ငံမှာ Facial Recognition နည်းပညာ အသုံးချမှုကို အထိရောက်ဆုံး စည်းကမ်းသတ်မှတ်ဖို့ နည်းလမ်း ရှာသင့်ပါတယ်” လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ (သို့မဟုတ်) ကင်မရာကနေပြီး လူသားတွေရဲ့ မျက်နှာပုံပန်း သဏ္ဍာန်ကို ခွဲခြားအတည်ပြုနိုင်တဲ့ Facial Recognition နည်းပညာဟာ ယခုအချိန်မှာ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ နည်းပညာတခုလည်းဖြစ်ပါတယ်။ Apple, Google, Amazon နဲ့ Microsoft တို့အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေအကုန်လုံးနီးပါးက Facial Recognition နည်းပညာကို အကောင်အထည်ေ ဖာ်နေကြပြီး၊ ဒီနည်းပညာကို စမတ်ဖုန်းတွေကအစ၊ ဟိုတယ်၊ ကာစီနို၊ ဆိုရှယ်မီဒီယာနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေစတဲ့ နယ်ပယ်အားလုံးမှာ အသုံးပြုနေပြီဖြစ်ပါတယ်။

ဒီနည်းပညာကို ထောက်ခံသူတွေကတော့ Facial Recognition Software တွေဟာ ကုမ္ပဏီတွေနဲ့ သုံးစွဲသူတွေ အတွက် ပိုမိုစိတ်ချရတဲ့လုံခြုံရေးကို ပေးစွမ်းနိုင်ပြီး၊ ရဲဝန်ထမ်းတွေအနေနဲ့ ရာဇဝတ်သမားတွေ၊ ပျောက်ဆုံးနေတဲ့ ကလေးတွေကို ရှာဖွေရာမှာ အကူအညီပေးနိုင်တဲ့ နည်းပညာတခုဖြစ်တယ်လို့ ဆိုပါတယ်။ လူအခွင့်အရေးအဖွဲ့အစည်းတွေကတော့ Facial Recognition နည်းပညာဟာ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ထိပါးနိုင်ပြီး၊ တရားမဝင် စုံစမ်းထောက်လှမ်းမှုနဲ့ စောင့်ကြည့်မှုတို့ ဖြစ်လာစေနိုင်တယ်လို့ သတိပေးထားပါတယ်။

“Facial Recognition လို နည်းပညာမျိုးကို ကျနော်တို့ နေ့စဉ်လူမှုဘဝမှာ ဘယ်လို အခန်းကဏ္ဍမျိုးကနေ ပါဝင်စေချင်လဲ ဆိုတာက ကျနော်တို့ စဉ်းစားသင့်တဲ့ အရေးကြီး မေးခွန်းတခုပါ” လို့ Smith က ရေးသားခဲ့ပါတယ်။

စာဖတ်သူအနေနဲ့ကော Facial Recognition နည်းပညာအပေါ် ဘယ်လိုအမြင်တွေရှိလဲဆိုတာ လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။

Ref: CNN, Microsoft

Loading