Airbus နဲ့ Uber တို့အပါအဝင် နည်းပညာ ကုမ္ပဏီကြီးတွေ စမ်းသပ်အကောင်အထည် ဖော်နေတဲ့ မိုးပျံတက္ကစီ ဈေးကွက်ထဲကို အခုတခါ နောက်ဆုံး ဝင်ရောက်လာတဲ့ ကုမ္ပဏီကတော့ Rolls-Royce ဖြစ်ပါတယ်။
ဗြိတိန်အခြေစိုက် ဇိမ်ခံကားနဲ့ ဂျက်အင်ဂျင် ထုတ်လုပ်သူ ကုမ္ပဏီတခုဖြစ်တဲ့ Rolls-Royce ဟာ လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက် အဆင်း၊ အတက် ပြုလုပ်နိုင်တဲ့ယာဉ် “Electric Vertical Take Off and Landing” လို့ အမည်ပေးထားတဲ့ မိုးပျံကားတက္ကစီ နမူနာဒီဇိုင်းတခုကို ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြလိုက်ပါတယ်။
EVTOL လို့ အတိုကောက်ခေါ်တဲ့ Rolls-Royce မိုးပျံတက္ကစီဟာ လူ ၄ ဦးကနေ ၅ ဦးအထိ တင်ဆောင် ပျံသန်းနိုင်ပြီး၊ ၉၀ ဒီဂရီအထိ လှည့်နိုင်တဲ့ တောင်ပံဒီဇိုင်းကြောင့် ယာဉ်တစီးစာ ဆံ့တဲ့ ဘယ်လို နေရာမှာမဆို ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်သုံးလို့ အမည်ပေးထားပေမယ့် Rolls-Royce ရဲ့ မိုးပျံယာဉ်ဟာ လျှပ်စစ်စွမ်းအင် သီးသန့်သုံး မဟုတ်ဘဲ ပန်ကာ ဒလက် ၆ လုံး အတွက် လိုအပ်တဲ့ ကီလိုဝပ်အား ၅၀၀ ကို M250 ဂတ်စ်တာဘိုင်တွေကနေတဆင့် ထုတ်ပေးမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အသံဆူညံမှုရှိမှာမဟုတ်ဘဲ တနာရီ ၂၅၀ မိုင်နှုန်းနဲ့ မိုင် ၅၀၀ အထိ ပြေးဆွဲနိုင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။ သတ်မှတ်လေထု အမြင့်ရောက်တာနဲ့ ရှေ့တောင်ပံက ပန်ကာတွေကို ခေါက်သိမ်းထားနိုင်ပြီး၊ နောက်က ပန်ကာနှစ်လုံးရဲ့ တွန်းကန်အားနဲ့ပဲ အသံငြိမ်သက်စွာ ပျံသန်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
EVTOL မှာ စွမ်းအင်သိုလှောင်ဖို့အတွက် ဘက်ထရီတလုံး ပါဝင်မှာ ဖြစ်ပေမယ့်၊ ဘက်ထရီကို အားပြန်သွင်းပေးဖို့ မလိုအပ်ဘဲ ဂတ်စ်တာဘိုင်ကိုပဲ ဆီပြန်ဖြည့်ပေးရုံနဲ့ အားပြန်သွင်းနိုင်မှာ ဖြစ်ပါတယ်။ Rolls-Royce ကတော့ သူတို့ရဲ့ Hybrid Electric Propulsion နည်းပညာကြောင့် ဒီယာဉ်ကို ၂၀၂၀ ခုနှစ်လောက်အတွင်း တရားဝင်ထုတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ယာဉ်အတွင် အဆောက်အအုံအသစ်တွေ သပ်သပ် ထပ်လိုမှာလည်း မဟုတ်ဘဲ လက်ရှိ ဆောက်ပြီးသား ဟယ်လီကွင်းတွေ လေဆိပ်တွေမှာလည်း ပြန်လည်အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Rolls-Royce ဟာ အခု မိုးပျံတက္ကစီမော်ဒယ်ကို Farnborough Airshow မှာ ဒီဂျစ်တယ် ဒီဇိုင်းအနေနဲ့ ပြသသွားမှာဖြစ်ပြီး၊ ဈေးကွက်ဝင် ထုတ်လုပ်နိုင်ဖို့အတွက် အတူလက်တွဲနိုင်မယ့် လေယာဉ်ဖရိန် ထုတ်လုပ်သူ ကုမ္ပဏီတခုနဲ့ မိတ်ဖက် ကုမ္ပဏီတခုတို့ကို ရှာဖွေသွားမှာ ဖြစ်ပါတယ်။
အနာဂတ် မြို့ပြသယ်ယူပို့ဆောင်ရေးအတွက် ကဏ္ဍသစ်တခုဖြစ်လာနိုင်တဲ့ မိုးပျံတက္ကစီတွေကို Airbus, Uber, Google တည်ထောင်သူ Larry Page ရဲ့ Hawk ကုမ္ပဏီအပါအဝင် တက်သစ်စ ကုမ္ပဏီ အများအပြားက အကောင်အထည်ဖော်၊ စမ်းသပ်လျက်ရှိပါတယ်။
ဆက်စပ် သတင်းလင့်ခ် – လူတိုင်းဝယ်လို့ မရတဲ့ နာမည်ကျော် 2017 Rolls-Royce Phantom ကားအကြောင်း
Ref: Engadget, Gadgets NDTV, Rolls-Royce