Huawei ရဲ့ စမတ်ဖုန်း နည်းပညာ အသစ်တခုဖြစ်တဲ့ GPU Turbo feature သစ် ရရှိမယ့် စမတ်ဖုန်းစာရင်းကို ကုမ္ပဏီက တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဖုန်းစာရင်းအပြင် ဒီဖုန်းတွေအနေနဲ့ ဘယ်အချိန်လောက်မှာ GPU Turbo ရမလဲ ဆိုတဲ့ ခန့်မှန်း အချိန်ဇယားကိုပါ တခါတည်း ထုတ်ပြန်ကြေညာခဲ့တာ တွေ့ရပါတယ်။
မော်ဒယ် တခုချင်းစီနဲ့ တွက်မယ်ဆိုရင် GPU Tubo ရမယ့် Huawei ဖုန်းစုစုပေါင်း ၁၄ လုံးအထိ ရှိပြီး၊ အစောဆုံး အနေနဲ့ လာမယ့် သြဂုတ်လအတွင်း Mate 10 နဲ့ P20 Pro စမတ်ဖုန်းတို့ အရင်ဆုံး ရသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ ဖုန်းမော်ဒယ် အသစ်အများစုကတော့ စက်တင်ဘာလလောက်ထဲမှာ ရရှိဖို့ရှိပြီး၊ Mate 9 နဲ့ P10 Plus တို့ကတော့ နှစ်ကုန်ခါနီး နိုဝင်ဘာလလောက်ကျမှ ရမှာဖြစ်ပါတယ်။
GPU Turbo နည်းပညာဟာ Huawei ရဲ့အဆိုအရ ဖုန်းအတွင်း Graphics စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်းအထိ ပိုကောင်းစေပြီး၊ ပါဝါသုံးစွဲမှုကို ၃၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တဲ့ အမိုက်စား နည်းပညာတခုဖြစ်ပါတယ်။ Graphics အပြင် GPU Tubo ဟာ AR နဲ့ VR စွမ်းဆောင်ရည်တွေကိုပါ မြှင့်တင်ပေးနိုင်ပြီး၊ EMUI ကြီးတခုလုံးရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုမြန်ဆန် သွက်လက်စေနိုင်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဂိမ်းဆော့တဲ့ လူတွေ အကြိုက်တွေ့မယ့် Feature သစ်ပါ။ ဒါပေမယ့် လောလောဆယ်တော့ ဒီနည်းပညာကို “PUBG Mobile” နဲ့ “Mobile Legends: Bang Bang” တို့မှာပဲ အသုံးပြုနိုင်သေးတယ်လို့ သိရပါတယ်။
Ref: GSM Arena