Xiaomi ရဲ့ နာမည်ရ Android One စမတ်ဖုန်း တလုံးဖြစ်တဲ့ Mi A1 ရဲ့ မျိုးဆက်သစ် “Mi A2” စမတ်ဖုန်းကို ဇူလိုင်လ ၂၄ ရက်နေ့မှာ စတင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။
Mi A1 တုန်းက Mi 5X ကို Android One ဗားရှင်းအဖြစ် ပြောင်းလဲ ထုတ်လုပ်ခဲ့တဲ့ သမိုင်းကြောင်းကြောင့် ပြီးခဲ့တဲ့ ဧပြီလတုန်းက “Xiaomi Mi 6X” စမတ်ဖုန်း ထွက်ရှိပြီးနောက်မှာ “Mi A2 ထွက်တော့မယ်” ဆိုတဲ့ သတင်းတွေ စတင်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဒီစမတ်ဖုန်းကို ဇူလိုင်လ ၂၄ ရက်နေ့၊ စပိန်နိုင်ငံမှာ ပြုလုပ်မယ့် Xiaomi ရဲ့ “Global Launch” ပွဲမှာ မြင်တွေ့ရဖို့ သေချာသွားပါပြီ။
Xiaomi ကုမ္ပဏီ ကိုယ်တိုင်ကလည်း Twitter မှာ “Next Gen is coming” ဆိုပြီး Mi A2 စမတ်ဖုန်းရဲ့ ပိုစတာဓာတ်ပုံကို တင်ထားတာကို တွေ့ရပါတယ်။ ရက်အတိအကျကိုတော့ မရေးထားပါဘူး။
ဒါပေမယ့် ပြီးခဲ့တဲ့ Mi A1 ဖုန်းကို ဒီအချိန်လောက်ပဲ ကျင်းပတဲ့ Delhi က Global Event မှာ မိတ်ဆက် သွားတာကို ပြန်ကြည့်မယ် ဆိုရင် အခု Mi A2 ကိုလည်း အခု ဇူလိုင် ၂၄ ရက်နေ့၊ စပိန်နိုင်ငံမှာ ပြုလုပ်မယ့် Global Launch ပွဲမှာ မြင်တွေ့ရဖို့က ကျိန်းသေသလောက် ရှိနေပါတယ်။
အားလုံးခန့်မှန်းထားသလိုပဲ Xiaomi ရဲ့ ဒုတိယမြောက် Android One စမတ်ဖုန်းဖြစ်လာမယ့် Mi A2 ဟာ ထုံးစံအတိုင်း Mi 6X ကိုမှ MIUI မသုံးဘဲ Stock Android 8.1 Oreo နဲ့ ထွက်လာမယ့်ဖုန်းဖြစ်လာမှာပါ။ Mi 6X အတိုင်းပဲဆိုရင် Mi A2 မှာ 18:9 Aspect Ratio သုံး ၅.၉၉ လက်မအရွယ် 1080×2160 Pixels (full-HD+) Resolution Display ၊ Snapdragon 660 ၊ 4GB RAM နဲ့ 64GB Internal Storage တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။
ကျောဘက် ကင်မရာကတော့ 12MP+20MP Dual Camera စနစ်ဖြစ်ပြီး၊ ရှေ့ကင်မရာကလည်း 20MP (f/1.8) Sensor နဲ့ ဖြစ်ပါတယ်။ 3.5mm နားကြပ်ပေါက် ပါဝင်လာတော့မှာ မဟုတ်ဘဲ Type-C to 3.5mm Adapter နဲ့ နားကြပ် အသုံးပြုရမှာပါ။ ဒီ့အပြင် Quick Charge 3.0 နည်းပညာတွေပါ ပါဝင်လာမှာ ဖြစ်တာကြောင့် နောက်ထပ် လူကြိုက်များမယ့် Mi A စီးရီးဖုန်း အသစ်တလုံး ဖြစ်လာနိုင်ပါတယ်။
Xiaomi ဟာ တရုတ်နိုင်ငံမှာ ဇူလိုင် ၁၉ ရက်နေ့ ပြုလုပ်မယ့် ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာလည်း Mi Max စီးရီးအသစ် Mi Max 3 ဖုန်းကို မိတ်ဆက်သွားမှာ ဖြစ်ကြောင်း တရားဝင် ကြေညာပြီး ဖြစ်ပါတယ်။
Ref: Gadgets NDTV, GSM Arena