Xiaomi ဟာ ကတိပေးထားတဲ့အတိုင်းပဲ Mi Max 3 ဖုန်းအသစ်ကို ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ တရားဝင် မိတ်ဆက်လိုက်ပါပြီ။
Xiaomi ဖုန်းမော်ဒယ် စီးရီးတွေထဲမှာ နာမည်အရဆုံး စီးရီးတခုဖြစ်တဲ့ Mi Max မျိုးဆက်သစ် Mi Max 3 ဟာ အစဉ်အလာမပျက် Screen ကြီးကြီး၊ ဘက်ထရီကြီးကြီးနဲ့ ဆက်လက် ထွက်ရှိလာတာကြောင့် Mi Max ပရိတ်သတ်တွေ သဘောကျမယ့် ဖုန်းအသစ်တလုံး ဖြစ်ပါတယ်။
Mi Max 3 စမတ်ဖုန်းဟာ Mi Max စီးရီးမှာ ပထမဆုံးအနေနဲ့ 18:9 Aspect Ratio နဲ့ Display ကို စတင် အသုံးပြုလာတာတွေ့ရပြီး၊ Display အရွယ်အစားက ၆.၉ လက်မအထိ ရှိပါတယ်။ Mi Max စီးရီးမှာ Screen အကြီးဆုံး ဖုန်းလည်း ဖြစ်သွားပါပြီ။ Display ဘောင်တွေ တော်တော်နည်းသွားတဲ့အတွက် Full Screen သုံးရတဲ့ ခံစားမှု ရရှိမှာ ဖြစ်ပေမယ့်၊ အပေါ်နဲ့ အောက်မှာတော့ ဘောင်လေးတွေ မသိမသာ ပါနေပါသေးတယ်။ Resoultion ကတော့ FullHD+ Resolution နဲ့ ဖြစ်ပါတယ်။
Mi Max 3 ရဲ့ နောက်ထပ် ထူးခြားချက်ကတော့ ကြီးမားတဲ့ 5,500mAh ဘက်ထရီပါ။ ဒီလောက် ဘက်ထရီ အကြီးကြီးကိုမှ ပါးလျတဲ့ 7mm ဖုန်းကိုယ်ထည်ရအောင် ထည့်ထားနိုင်တာလည်း တွေ့ရပါတယ်။ ကုမ္ပဏီရဲ့ အဆို အရတော့ ဘက်ထရီ ၇၁ ရာခိုင်နှုန်းအထိကို ၁ နာရီအတွင်း အားသွင်းနိုင်တယ်လို့ သိရပါတယ်။
Mi Max 3 ရဲ့ တခြား Specifications တွေကတော့ Snapdragon 636 Processor ကို အသုံးပြုထားပြီး၊ 6GB RAM နဲ့ 128GB Internal Storage တို့ ပါဝင်မှာ ဖြစ်ပါတယ်။ Mi Max စီးရီးမှာ ပထမဆုံးအဖြစ် Dual Camera Setup ကိုလည်း စတင်အသုံးပြုထားပြီး၊ 12-megapixel+5-megapixel ကျောကင်မရာ နှစ်လုံးတွဲ ဖြစ်ပါတယ်။ Selfie Camera အတွက်တော့ 8-megapixel တလုံးပဲ ဖြစ်ပါတယ်။
Mi Max 2 တုန်းကလိုပဲ USB Type-C Port ကို ပြန်လည်အသုံးပြုထားပြီး၊ 3.5mm Headphone Jack ကိုလည်း ဆက်လက် တွေ့မြင်ရဦးမှာပါ။ Mi Max 3 ဟာ Android 8.1-based MIUI 9.5 နဲ့ စတင် ထွက်ရှိ လာမှာ ဖြစ်ပြီး၊ Scene Recognition, Face Unlock, Voice Assistant စတဲ့ AI စွမ်းဆောင်ရည် အမြောက်အများလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Xiaomi Mi Max 3 စမတ်ဖုန်း အနိမ့်ဆုံး မော်ဒယ်ဖြစ်တဲ့ 4GBRAM နဲ့ 64GB Storage မော်ဒယ်ကို ၁,၆၉၉ ယွမ် ( မြန်မာငွေ ၃ သိန်း ၆ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ 6GBRAM + 128GB Storage ကတော့ ၁,၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၂ သောင်းဝန်းကျင်) ရှိပါတယ်။ အပြာရောင်၊ အနက်ရောင်နဲ့ ရွှေရောင်ဆိုပြီး ကာလာ ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ ဇွန်လ ၂၀ ရက်နေ့မှ စတင်ပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။
Xiaomi ဟာ နောက်တပတ်ထဲ၊ ဇူလိုင်လ ၂၄ ရက်နေ့မှာလည်း Android One ဖုန်းအသစ်ဖြစ်တဲ့ “Mi A2” ကို စပိန်နိုင်ငံမှာ မိတ်ဆက်သွားဖို့ရှိပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဇူလိုင်လ ၂၄ ရက်နေ့မှာ တရားဝင် ထွက်ရှိလာမယ့် “Xiaomi Mi A2” စမတ်ဖုန်း
Ref: The Verge, GSM Arena