Huawei ဟာ မနှစ်ကထွက်ရှိထားတဲ့ Nova 2i ရဲ့ မျိုးဆက်သစ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့တပတ်လောက်က ထွက်ထားတဲ့ Nova 3 ဖုန်းရဲ့ အနိမ့်မော်ဒယ်လို့ ခေါ်ဆိုနိုင်တဲ့ Nova 3i စမတ်ဖုန်းကို ဇူလိုင်လ ၁၈ ရက်နေ့က မိတ်ဆက် ခဲ့ပါတယ်။
Nova 3i ဟာ Huawei ရဲ့ ကိုယ်ပိုင် Chipset ဖြစ်တဲ့ 12nm Process သုံး Kirin 710 SoC ကို ပထမဆုံး အသုံးပြုထားတဲ့ဖုန်းလည်းဖြစ်ပြီး၊ Display ကတော့ Nova 3 အတိုင်း Notch ပါဝင်တဲ့ 19:9 Aspect Ration သုံး ၆.၃ လက်မအရွယ် FullHD+ LCD Display နဲ့ ဖြစ်ပါတယ်။ ကင်မရာအနေနဲ့ စုစုပေါင်း ၄ လုံး ပါဝင်မှာ ဖြစ်ပြီး၊ ကျောကင်မရာက 16MP+2MP Sensor အတွဲဖြစ်ကာ ရှေ့ကင်မရာကတော့ 24MP+2MP Sensor အတွဲနဲ့ ဖြစ်ပါတယ်။
Nova 3i ကို 4GB RAM+ 128GB Storage ရယ်၊ 6GB RAM+64GB Internal Storage ဆိုပြီး ထုတ်လုပ် ထားကာ 4GB RAM မော်ဒယ်က တရုတ်ယွမ်ငွေ ၁,၉၉၉ (မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) ရှိကာ၊ 6GB RAM မော်ဒယ်ကတော့ ၂,၁၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၆ သောင်းကျော်) ရှိပါတယ်။ 6GB RAM နဲ့ 128GB Storage ပါတဲ့ Nova 3i မော်ဒယ်လည်း ထွက်ရှိဦးမှာဖြစ်တယ်လို့ သိရပေမယ့်၊ ဈေးနှုန်းတော့ မသိရသေးပါဘူး။ မော်ဒယ်အားလုံးမှာ microSD ကတ် 256GB အထိ ထပ်စိုက်နိုင်မှာဖြစ်တဲ့အတွက် Storage အတွက်ကတော့ ပူစရာလိုမှာမဟုတ်ပါဘူး။ Battery ကတော့ 3,340mAh ဘက်ထရီဖြစ်ပြီး၊ အားအမြန်သွင်းစနစ် Super Charge တော့ ပါဝင်လာမှာမဟုတ်ပါဘူး။
Android 8.1 Oreo စနစ်သုံး EMUI 8.1 OS နဲ့ ထွက်၇ှိလာမှာဖြစ်ပြီး၊ AI စွမ်းဆောင်ရည်တွေနဲ့ အခုတလော ခေတ်စားနေတဲ့ GPU Turbo နည်းပညာလည်း ယခုဖုန်းမှာ ပါဝင်လာမယ်လို့ သိရပါတယ်။
Huawei Nova 3i စမတ်ဖုန်းကို တရုတ်နိုင်ငံတွင်းမှာ အနက်ရောင်၊ ခရမ်းရောင်နဲ့ အဖြူရောင်ဆိုပြီး ကာလာ ၃ မျိုးရောင်းချသွားမှာဖြစ်ကာ၊ သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၉ ရက် ကနေ ဇူလိုင်လ ၂၇ ရက်အတွင်း Pre-Order မှာယူသူတွေအတွက် ၅၅ ဒေါ်လာ တန်ဖိုးရှိတဲ့ Bluetooth Speaker တလုံး လက်ဆောင်ရရှိသွားမှာဖြစ်ပါတယ်။
Ref: Gadgets NDTV, GSM Arena