နာမည်ကြီး စမတ်ဖုန်း အမှတ်တံဆိပ် အကုန်လုံးလိုလို အားထားအသုံးပြုတဲ့ ဖုန်းမှန်သားဖြစ်တဲ့ Gorilla Glass မျိုးဆက်သစ် Gorilla Glass 6 ကို Corning ကုမ္ပဏီက မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့အဆိုအရ Gorilla Glass 6 အသစ်ဟာ Gorilla Glass 5 ထက် နှစ်ဆ ပိုမိုကောင်းမွန်လာပြီး၊ ၁ မီတာ အမြင့်ကနေ ၁၅ ကြိမ်အထိ ပြုတ်ကျခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။
“Corning Gorilla Glass 6 ဟာ Gorilla Glass 5 ထက် အမြင့်ပေပိုမိုပြီး ပြုတ်ကျ ခံနိုင်ရည် ရှိလာပါတယ်။ ဒီထက် ပိုထူးခြားတာကတော့ တခါတည်း ပြုတ်ကျတာ မဟုတ်ဘဲ ၁၅ ကြိမ်လောက် ပြုတ်ကျမှုကိုပါ ခံနိုင်ရည် ရှိလာအောင် အထူးထုတ်လုပ်ထားတာ ဖြစ်ပါတယ်” လို့ Corning Gorilla Glass ရဲ့ အထွေထွေမန်နေဂျာနဲ့ ဒု-ဥက္ကဋ္ဌ ဖြစ်သူ John Bayne က ပြောကြားခဲ့ပါတယ်။
စမတ်ဖုန်းတွေဟာ တနေ့တခြား ပိုမိုပါးလျလာပြီး၊ ပိုမိုကျစ်လျစ် တောက်ပြောင်တဲ့ Glass Display တွေကို အသုံးပြုကြလာတာကြောင့် Gorilla Glass အသစ်တွေဟာ တဖြည်းဖြည်းနဲ့ တိုးတက်မှု မရှိလာနိုင်တော့ဘူး ဆိုတဲ့ အမြင်တွေကိုလည်း Corning က အခု Gorilla Glass 6 နဲ့ ရိုက်ချိုးပြနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။
Corning ကတော့ အဆိုပါထင်မြင်ချက်တွေနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ပိုမိုတောက်ပြောင်ပါးလျတဲ့ Edge-to-edge Display တွေကြောင့် ပိုမိုခံနိုင်ရည်ရှိတဲ့ စမတ်ဖုန်းတွေ ထွက်ပေါ်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ခြစ်ရာ ပွန်းရာ ခံနိုင်ရည်ရှိမှု (Scratch Resistance) အပိုင်းမှာတော့ အခု Gorilla Glass 6 ဟာ အရင် Gorilla Glass ဗားရှင်းတွေနဲ့ ခံနိုင်ရည် တူတူလောက်ပဲလို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ စမတ်ဖုန်း ဖန်သား မျက်နှာပြင်တွေဟာ ပြုတ်ကျခံနိုင်ရည် ပိုမြင့်လာတာရင် ခြစ်ရာထင်ရာ ကာကွယ်နိုင်မှုမှာ လျော့နည်း လာကြောင်း Corning ကုမ္ပဏီကိုယ်တိုင်က အရင်က ဝန်ခံခဲ့ဖူးသလိုပဲ Scratch Resistance အပိုင်းမှာ သိသိသာသာ တိုးတက်လာမှုကို မရှိဘူးလို့ ဆိုနိုင်ပါတယ်။
Gorilla Glass 6 ကို လက်ရှိမှာ ဈေးကွက်ဝင် ထုတ်လုပ်နေပြီဖြစ်ပြီး၊ စမတ်ဖုန်းထုတ်လုပ်သူ ကုမ္ပဏီတွေ အနေနဲ့လည်း မှာယူ တပ်ဆင်နိုင်ပြီလို့ သိရပါတယ်။ ဒါကြောင့် မကြာမီ လအနည်းငယ်အတွင်း ထွက်ရှိလာမယ့် ဖုန်းမော်ဒယ် အသစ်၊ အထူးသဖြင့် မော်ဒယ်မြင့်ဖုန်းအသစ်တွေမှာ Gorilla Glass 6 ကို စတင်မြင်တွေ့လာရဖို့ ရှိပါတယ်။
Ref: The Verge, Corning