IT

ဈေးသက်သာပေမယ့် အမိုက်စား ဒီဇိုင်းနဲ့ ထွက်ရှိလာတဲ့ "Nokia X5" စမတ်ဖုန်း

Want create site? Find Free WordPress Themes and plugins.

Nokia ဖုန်းတွေကို လက်ရှိထုတ်လုပ်နေတဲ့ HMD Global ကုမ္ပဏီဟာ Mid-range စမတ်ဖုန်း အသစ်တလုံး ဖြစ်တဲ့ Nokia X5 ကို ဇူလိုင်လ ၁၈ ရက်နေ့က တရားဝင် မိတ်ဆက်လိုက်ပါတယ်။

Nokia X5 ဟာ X6 တုန်းကလိုပဲ ဖန်သားကိုယ်ထည်၊ ပိုလီကာဘွန်နိတ်ဖရိန်၊ Notch ပါဝင်တဲ့ ကိုယ်ထည်ပြည့် Display ၊ ဒေါင်လိုက် Dual Camera Design တို့နဲ့ ဒီဇိုင်းမိုက်မိုက် ထွက်ရှိလာတာဖြစ်ပေမယ့် ဈေးနှုန်းကတော့ အနိမ့်ဆုံး မော်ဒယ်ကို မြန်မာငွေ ၂ သိန်းဝန်းကျင်ပဲ ရှိမှာဖြစ်ပါတယ်။

Nokia X5 မှာ ၅.၉ လက်မအရွယ် 19:9 Aspect Ratio သုံး 720×1520 pixels Display ကို အသုံးပြုထားပြီး၊ တန်ဖိုးသက်သာတဲ့အတွက် Display ကတော့ HD+ Resolution ပဲ ရရှိမှာဖြစ်ပါတယ်။ 2.5D Glass ကို သုံးထားတဲ့အတွက် ဖုန်းမျက်နှာပြင်ထောင့်လေးတွေက မသိမသာလေး ကွေးနေမှာပါ။ ဒီဇိုင်းပိုင်းက ခြုံငုံပြောရရင် ပရီမီယမ် စမတ်ဖုန်း တလုံးအလား ဆွဲဆောင်မှုရှိတာ တွေ့ရပါတယ်။

Nokia X5 မှာ MediaTek ရဲ့ Helio P60 Processor ကို အသုံးပြုထားပြီး၊ 3GB RAM ဒါမှမဟုတ် 4GB RAM ဆိုပြီး မော်ဒယ်နှစ်မျိုး ထွက်ရှိမှာပါ။ RAM အလိုက် Storage လည်း နှစ်မျိုးကွဲသွားပြီး 32GB နဲ့ 64GB Storage ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ microSD ကတ်လည်း 256GB အထိ ထပ်စိုက်နိုင်မှာပါ။ ကင်မရာပိုင်းအနေနဲ့ကတော့ Dual 13-megapixel+5-megapixel ကျောကင်မရာနှစ်လုံးတွဲပါရှိပြီး၊ ရှေ့ကင်မရာကတော့ 8-megapixel sensor နဲ့ ဖြစ်ပါတယ်။ Fingerprint Sensor ကိုတော့ ကျောကင်မရာနဲ့ Nokia တံဆိပ်တို့အကြားမှာ တွေ့ရမှာပါ။

Nokia X5 မှာ 3060mAh ဘက်ထရီကို အသုံးပြုထားပြီး၊ USB Type-C Port ၊ 3.5mm Audio Jack၊ FM Radio နဲ့ Dual 4G Dual VoLTE စနစ်တို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Pure Android သုံးဖုန်းဖြစ်ပြီး၊ Android 8.1 Oreo နဲ့ ဖြစ်ပါတယ်။ HMD Global ကုမ္ပဏီကတော့ Nokia X5 ဖုန်းအတွက် လစဉ် Security Updates တွေကို မြန်မြန်ဆန်ဆန် ထုတ်ပေးသွားမှာဖြစ်တယ်လို့ ကတိပေးထားပါတယ်။

Nokia X5 စမတ်ဖုန်းကို ဇူလိုင်လ ၁၉ ရက်နေ့က စတင်ရောင်းချသွားမှာဖြစ်ပြီး အနက်ရောင်၊ အပြာရောင်နဲ့ အဖြူရောင်မော်ဒယ်သုံးမျိုး ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ 3GB မော်ဒယ်ကို ၉၉၉ ယွမ် ( မြန်မာငွေ ၂ သိန်း ၁ သောင်းခန့်) နဲ့ 4GB မော်ဒယ်ကို ၁,၃၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခန့်) ပေးရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ တရုတ်နိုင်ငံအတွင်းပဲ ရောင်းချသွားမှာဖြစ်ပေမယ့် နိုင်ငံတကာဈေးကွက်ကို Nokia 5.1 Plus ဆိုတဲ့ နာမည်နဲ့ ဝင်ရောက်လာနိုင်ခြေ ရှိပါတယ်။

Ref: Gadgets NDTV, The Verge, Tech Radar

Did you find apk for android? You can find new Free Android Games and apps.
Loading