ကိုယ်ထည်ပြည့် Display နဲ့ ဖုန်းတော်တော်များများမှာ တွေ့လာရပြီဖြစ်တဲ့ Notch ဒီဇိုင်းကို မကြိုက်တဲ့ သူတွေအတွက် Huawei ဘက်က ဖြေရှင်းနည်း တခု ကြိုးစားနေပါပြီ။
Oppo နဲ့ Vivo ကုမ္ပဏီတို့ဟာ Notch ကို ရှောင်ဖို့အတွက် အထုတ်အသွင်း လုပ်နိုင်တဲ့ ကင်မရာဒီဇိုင်းတွေကို စတင် စမ်းသပ်သုံးစွဲခဲ့ကြပေမယ့်၊ Huawei ရဲ့ အခု နည်းလမ်းကတော့ ပိုမိုရိုးရှင်းတယ်လို့ ဆိုရမှာပါ။ အဲဒါဘာလဲ ဆိုတော့ Display အပေါ်ဘက်မှာ အပေါက်ဖောက်ပြီး ကင်မရာထားမယ့် ဒီဇိုင်းဖြစ်ပါတယ်။
တောင်ကိုရီးယား သတင်းဌာနတခုကနေ စတင်ပေါက်ကြားလာတဲ့သတင်းအရ Huawei ဟာ ရှေ့ကင်မရာကို Notch နေရာမှာထားမယ့်အစား၊ Display အပေါ်ဘက်မှာ အဝိုင်းအပေါက် ဖောက်ပြီး ကင်မရာထားဖို့ လုပ်နေတယ်လို့ သိရပါတယ်။ ယခုဒီဇိုင်းအရဆိုရင် Notch လည်းပါလာမှာ မဟုတ်တော့သလို၊ Display နေရာလည်း ပိုများလာမှာပါ။ Earpiece နဲ့ တခြား Sensor တွေအတွက်ကတော့ Display အပေါ်ဘက်မှာပဲ ဘောင်လေး ပါးပါးလေးတခု ပါဝင်လာမှာဖြစ်ပါတယ်။
ဒါပေမယ့် ပြဿနာ တခုကတော့ Applications တွေအနေနဲ့ ဘယ်လိုဖော်ပြ၊ အလုပ်လုပ်မလဲ ဆိုတာပါ။ အခုလက်ရှိအချိန်မှာတောင် Notch နေရာအတွက် Apps အကုန်လုံး အဆင်သင့်မဖြစ်သေးတာကြောင့် Huawei ရဲ့ Display အပေါက်ဒီဇိုင်း တကယ်ထွက်လာရင်တောင် အဆင်ပြေဖို့ ခဲယဉ်းနိုင်ပါတယ်။ App Developer တွေအနေနဲ့လည်း ယခုဒီဇိုင်းအတွက် သီးသန့် လိုက်ညှိပေးနေမှာမဟုတ်ပါဘူး။
ဖြစ်နိုင်တာကတော့ စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ စခရင်နဲ့ ဖုန်းကိုယ်ထည်အချိုးအစား ဘယ်သူများများ ထုတ်နိုင်လဲဆိုတာ ပြိုင်နေကြတဲ့ အခုအချိန်မှာ Huawei ဘက်ကလည်း ငါတို့ဆီမှာ ဒီဇိုင်းအသစ်ရှိတယ်ဆိုတာ ပြချင်တဲ့သဘောမျိုးပဲဖြစ်လောက်ပါတယ်။ တကယ်ထွက်ရင်လည်း မော်ဒယ်တခု လောက်မှာပဲ ထွက်လာနိုင်ပါတယ်။
သတင်းအရတော့ Huawei ဟာ Display အပေါက်နဲ့ ဖုန်းတမျိုးကို ယခုနှစ်၊ စတုတ္ထ ၄ လပတ်အတွင်းမှာ အမှန်တကယ် မိတ်ဆက်သွားဖို့ရှိပြီး၊ ၆.၃၉ လက်မ LCD Display ကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref: GSM Arena