IT

Data Transfer Project အတွက် Facebook, Google, Microsoft နဲ့ Twitter ကုမ္ပဏီတို့ ပူးပေါင်း

မတူညီတဲ့ App တခုကနေ တခုကြား Content, Contacts အပါအဝင် ဒေတာအားလုံးကို အလွယ်တကူ ကူးပြောင်း အသုံးပြုနိုင်ဖို့အတွက် ကမ္ဘာ့ထိပ်သီး

နည်းပညာကုမ္ပဏီကြီးတွေ ပေါင်းစည်းကာ အဖွဲ့အစည်းတခု တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်။
“Data Transfer Project” လို့ အမည်ပေးထားတဲ့ ယခုအဖွဲ့ကို Facebook, Google, Twitter နဲ့ Microsoft တို့ လို တကယ့်နည်းပညာဆရာကြီးတွေက

ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး၊ မည်သည့်အွန်လိုင်း ဆားဗစ်မဆို ပါဝင်လက်တွဲနိုင်တဲ့ “Open Source Data Portability Platform” တခု လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယခုလက်ရှိမှာလည်း ကိုယ့်ရဲ့ ဒေတာ အချက်အလက်တွေကို Facebook ကနေဖြစ်ဖြစ်၊ Google ကနေဖြစ်ဖြစ် အလွယ်တကူ Download ရယူနိုင်ပေမယ့် ဒီအချက်အလက်တွေကို တခြား ဆားဗစ်တခုမှာ ပြန်လည် Upload လုပ်ပြီး၊ အသုံးချဖို့ကတော့ မလွယ်ကူသေးပါဘူး။

ဒီလိုပြဿနာမျိုးကို ဖြေရှင်းဖို့အတွက် DTP (Data Transfer Project) ဟာ ဒေတာရွှေ့ပြောင်းအသုံးချနိုင်မှု (Data Portability) အတွက် နည်းပညာစံနှုန်းတခု သတ်မှတ်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာကုမ္ပဏီတွေအနေနဲ့ အသုံးပြုသူတွေရဲ့ ဒေတာတွေကို အလွယ်တကူမရွှေ့ပြောင်းနိုင်အောင် ပိတ်လှောင်ထားမယ့်အစား လွတ်လပ်စွာ ရွေးချယ်ပြောင်းသုံးခွင့် ပေးအောင် တိုက်တွန်းသွားမှာဖြစ်တယ်လို့ DTP က သတင်းထုတ်ပြန်ခဲ့ပါတယ်။

DTP ရဲ့ ပရောဂျက်သာ လက်တွေ့အကောင်အထည်ပေါ်လာရင် Social Network တွေရဲ့ အဓိက ပြဿနာ တခုဖြစ်တဲ့ App or Service တခုကနေ တခုအကြား ဒေတာချိတ်ဆက်အသုံးပြုခွင့်မရတဲ့ ကိစ္စကိုလည်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေအနေနဲ့ Music Streaming Service တခုကနေ နောက်တခုကို ပြောင်းသုံးမယ်ဆိုရင်တောင် မူရင်း Playlist မပျက် အဆင်သင့် ပြန်နားထောင်နိုင်မှာပါ။ Music တင်မကဘဲ ကျန်းမာရေးနဲ့ Fitness ဒေတာတွေ၊ ဓာတ်ပုံ၊ ဗီဒီယိုတွေ စတဲ့ ရှိသမျှ ဒေတာအကုန်လုံးကို App တခုကနေ တခု အလွယ်ပြောင်းသုံးလာနိုင်မှာ ဖြစ်ပါတယ်။

ဒီပရောဂျက်ဟာ ပြောရရင် နည်းပညာကုမ္ပဏီကြီးတွေ တခုနဲ့ တခုကြား ဒေတာ Share ပေးတာလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် DTP ရဲ့ အဓိကရည်ရွယ်ချက်ဟာ သုံးစွဲသူတွေအနေနဲ့ ကိုယ်သုံးချင်တဲ့ App ကို ကိုယ့်စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်စေဖို့ ဖြစ်တဲ့အတွက် အစိုးရအဖွဲ့အစည်းတွေဘက်က ကြားဝင် ကန့်သတ်လာရင်တောင် ကုမ္ပဏီတွေဘက်က အလွယ်တကူ ပြန်ချေပနိုင်မှာလည်း ဖြစ်ပါတယ်။

Ref : Tech Crunch, Venture Beat

Loading