တောင်ကိုရီးယားအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ The Bell ရဲ့ ဖော်ပြချက်အရ Samsung ရဲ့ ဒု-ဥက္ကဋ္ဌ ဖြစ်သူ Jay Lee ဟာ ကုမ္ပဏီရဲ့ Flagship ဖုန်းစီးရီး နှစ်ခုဖြစ်တဲ့ Galaxy S နဲ့ Galaxy Note တို့ကို တခုတည်းအဖြစ် ပေါင်းပစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီသတင်းဟာ ယုံနိုင်စရာ မရှိလောက်ပေမယ့် အမှန်တကယ် ဖြစ်လာနိုင်လောက်တဲ့ အကြောင်းပြချက်တွေ ရှိနေပါတယ်။
ပထမဆုံးအချက်ကတော့ အရင်တုန်းက တန်ဖိုးနည်းနဲ့ တန်ဖိုးသင့် စမတ်ဖုန်းဈေးကွက်မှာ Samsung ပဲ ကြီးစိုးထားပေမယ့် အခုအခါမှာတော့ တရုတ် စမတ်ဖုန်း ကုမ္ပဏီတွေကလည်း ဈေးကွက်ဝေစုကို မျှဝေ သိမ်းပိုက်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် Flagship မော်ဒယ်တွေကလည်း တဖြည်းဖြည်းနဲ့ ဈေးပိုများလာပြီး၊ မော်ဒယ် အသစ်တခုကနေ တခုကို ပြောင်းသုံးဖို့အတွက်လည်း ပိုစဉ်းစားလာကြပါတယ်။
ဥပမာ အားဖြင့် Galaxy S8 နဲ့ S9 ဖုန်းတွေမှာဆို ကင်မရာကလွဲလို့ ထူးထူးခြားခြား ပြောင်းလဲမှုမျိုး မရှိတဲ့ အတွက် ၂၀၁၈၊ ဒုတိယ ၃ လပတ် အတွင်းမှာ Galaxy S9 ဖုန်းအလုံးရေ ၉ သန်းကျော်ပဲ ရောင်းချခဲ့ရပါတယ်။ Galaxy S9 တုန်းက ၂၀၁၇၊ ဒုတိယ ၃ လပတ်မှာတင် အလုံးရေ ၁၈ ဒဿမ ၇ သန်း ရောင်းချနိုင်ခဲ့တာနဲ့ ယှဉ်ရင် တဝက်လောက် နည်းသွားတယ်လို့ ဆိုရမှာပါ။
မကြာခင် မိတ်ဆက်မယ့် Galaxy Note 9 နဲ့ Note 9+ တို့လည်း အရင် Galaxy Note 8 တို့နဲ့ သိပ်ကွာခြားမှု မရှိဘူးဆိုရင် အလားတူဖြစ်ရပ်မျိုး ထပ်ကြုံတွေ့နိုင်ရပါတယ်။ အခုလို စမတ်ဖုန်း အရောင်းအား ကျဆင်းလာမှု ကြောင့် Samsung ကုမ္ပဏီရဲ့ အမြတ်အစွန်းဟာလည်း ခန့်မှန်း ပမာဏထက်ကို ကျဆင်းသွားနိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူအများအပြားက ခန့်မှန်းပြီး ဖြစ်ပါတယ်။
အဆိုပါ အချက်တွေကြောင့် Samsung ဟာ ပြင်ဆင်၊ ထုတ်လုပ်မှု စရိတ်လျော့ချပြီး၊ အမြတ်အစွန်းများများ ပိုကျန် နိုင်ဖို့အတွက် Galaxy S စီးရီးနဲ့ Note စီးရီးကို တခုတည်းအဖြစ် ပေါင်းပစ်ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။
ဒီသတင်းကို ပိုခိုင်မာစေတဲ့နောက်တချက်ကတော့ Samsung ဟာ နောက်လာမယ့် Galaxy S10 ဖုန်းကျရင် ပုံမှန် မိတ်ဆက်နေကြအတိုင်း S10 နဲ့ S10+ မော်ဒယ် ၂ မျိုးအစား မော်ဒယ် ၃ မျိုးအထိ မိတ်ဆက်သွားမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ဖြစ်နိုင်တာကတော့ Note စီးရီးဆိုပြီး သပ်သပ် မထုတ်တော့ဘဲ S စီးရီးထဲမှာပဲ ပေါင်းထုတ်သွားနိုင်ချေ ရှိပါတယ်။
ဒီသတင်းသာ အမှန်ဖြစ်လာမယ်ဆိုရင် Galaxy S စီးရီးပရိတ်သတ်တွေအတွက် ဝမ်းသာစရာဖြစ်လာပါ။ ဘာလို့လဲ ဆိုတော့ Galaxy Note စီးရီးရဲ့ အဓိက ဆွဲဆောင်မှု ဖြစ်တဲ့ S Pen ကို S စီးရီးမှာလည်း သုံးလာနိုင်မှာ ဖြစ်ပါတယ်။
Ref: GSM Arena, Trusted Reviews, Gadgets NDTV