Google ဟာ လွန်ခဲ့တဲ့ ၃ နှစ်ခွဲလောက်တုန်းက HTTP သုံးထားတဲ့ Website တွေကနေ အန္တရာယ်တွေ ရလာနိုင်ကြောင်း Chrome မှာ သတိပေးသွားဖို့ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ ယနေ့၊ ဇူလိုင်လ ၂၄ ရက်နေ့ဟာ “Google ကတိပေးထားတဲ့နေ့” လို့ ဆိုရမှာပါ။
Desktop တွေအတွက် ဇူလိုင်လ ၂၄ ရက်နေ့မှာ စတင်ထွက်ရှိလာတဲ့ Chrome 68 မှာ HTTP ကို ဆက်လက် အသုံးပြုနေတဲ့ Website တွေ အကုန်လုံးကို ‘‘Not Secure’’ ဆိုပြီး Website Address Bar မှာ သိသိသာသာ ပြသွားတော့မှာ ဖြစ်ပါတယ်။
အရင်ကလည်း HTTP သုံးထားတဲ့ဆိုဒ်တွေကို ‘‘Not Secure’’ဆိုပြီး ပြခဲ့ပေမယ့်၊ Credit Card အချက်အလက် တွေလို အရေးကြီးတဲ့ တချို့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ရယူတဲ့ ဆိုဒ်တွေကိုပဲ ‘‘Not Secure’’ သတိပေးချက်ပြခဲ့တာ ဖြစ်ပါတယ်။ HTTP သုံးထားပေမယ့် အရေးကြီး အချက်အလက်တွေ မတောင်းတဲ့ ဆိုဒ်တွေကိုတော့ ‘‘i’’ သင်္ကေတလေးပဲ ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခု Chrome အသစ်မှာတော့ HTTP သုံးထားတဲ့ ဆိုဒ်အကုန်လုံးကို ‘‘Not Secure’’ ဆိုပြီး ဖော်ပြသွားမှာပါ။
Google ဟာ အခုလို မူဝါဒပြောင်းမယ် ဆိုတာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက သတိပေးပြီးဖြစ်ပါတယ်။ Website ပိုင်ရှင်တွေအနေနဲ့ လုံခြုံစိတ်ချရမှု အနည်းငယ်ပိုတဲ့ HTTPS connection ကို ၆ လအတွင်း ပြောင်းလဲဖို့ ပြောပြီးဖြစ်တာကြောင့် အခုထိ မပြောင်းရသေးတဲ့ Website တွေအနေနဲ့ ‘‘Not Secure’’ ပြခံရတော့မှာ ဖြစ်ပါတယ်။
HTTP သုံးထားတဲ့ Website နဲ့ ဆက်သွယ် အသုံးပြုတဲ့ အချက်အလက်တွေဟာ Unencrypted မလုပ်ထားတာကြောင့် မသမာသူတွေ အနေနဲ့ ကြော်ငြာထိုးပြခြင်း၊ အန္တရာယ်ရှိ ဆော့ဖ်ဝဲတွေ Run စေခြင်းနဲ့ Password တွေ ရယူဖို့အတွက် Website အတုတွေကို ပို့ခြင်းတို့ ကြားဖြတ် လုပ်ဆောင်နိုင်ပါတယ်။ HTTPS မှာတော့ သုံးစွဲသူနဲ့ Website ကြားက ဆက်သွယ်မှုတွေအကုန်လုံးကို Encrypt လုပ်ထားတာကြောင့် ဒီပြဿနာတွေ ရှောင်ရှားနိုင်မှာပါ။
ယခုနှစ်အစောပိုင်းတုန်းက Google ကနေ ထုတ်ပြန်ကြေညာချက်အရ ထိပ်တန်းအင်တာနက် Website ၁၀၀ မှာ ၈၁ ခုလောက်ဟာ HTTPS သုံးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
Ref: Gadgets NDTV, Cnet