IT

ကမ္ဘာ့ပထမဆုံး ၁ ထရီလျံ ကုမ္ပဏီဖြစ်လာတော့မယ့် Google

Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet ဟာ တနင်္လာနေ့မှာ သုံးလပတ် အမြတ်ငွေစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ Wall Street က ခန့်မှန်းထားချက်ထက်ကို ကျော်လွန်နေခဲ့တာကြောင့် ရှယ်ယာတန်ဖိုး ၅ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်သွားပြီး၊ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးငွေလည်း ဒေါ်လာ ၅၀ ဘီလီယံအထိ ပိုများသွားခဲ့ပါတယ်။

အခုလို ရလဒ်ကောင်းကြောင့် Alphabet ဟာ တန်ကြေး ၈၂၇ ဒဿမ ၅ ဘီလီယံအထိ ရောက်ရှိသွားခဲ့ပြီး ကမ္ဘာ့ပထမဆုံး ၁ ထရီလျံတန်ကြေးရှိတဲ့ ကုမ္ပဏီဖြစ်ဖို့ အလားအလာ ပိုကောင်းလာပြီ ဖြစ်ပါတယ်။ Google ရဲ့ ရှေ့မှာ Amazon က တန်ကြေး ဒေါ်လာ ၈၈၀ ဘီလီယံ၊ Apple က လက်ရှိအများဆုံးအဖြစ် ၉၄၁ ဘီလီယံနဲ့ ဦးဆောင်နေပေမယ့်လည်း စီးပွားရေးသမား တချို့ကတော့ ကမ္ဘာ့ပထမဆုံး ၁ ထရီလျံတန်ကြေးရှိ ကုမ္ပဏီဖြစ်ဖို့ Alphabet က အလားအလာ အကောင်းဆုံး ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Alphabet ဟာ ဒုတိယ သုံးလပတ်အတွင်းမှာ အမြတ်ငွေ ၃၂ ဒဿမ ၆၆ ဘီလီယံအထိ ရရှိခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ် ဒုတိယ သုံးလပတ်ထက် YOY (year-over-year) တွက်ချက်မှုအရ ၂၆ ရာခိုင်နှုန်း အမြတ်ငွေ ပိုများလာတာဖြစ်ပါတယ်။

ဒီထက်ပိုအရေးကြီးတာက ၂၀၁၇ တုန်းက အမြတ်ငွေဟာ ၂၀၁၆ တုန်းကထက် ၂၁ ရာခိုင်နှုန်းပိုများခဲ့ပြီး၊ အခု ၂၀၁၈ မှာလည်း ဆက်လက် မြင့်တက်လာတာကြောင့် ပထမဆုံး ၁ ထရီလျံကုမ္ပဏီဖြစ်ဖို့ Google အနေနဲ့ အလားအလာ ကောင်းနေတာ ဖြစ်ပါတယ်။

Google ဟာ EU ကနေ ၅ ဘီလီယံလျော်ကြေး ထိခဲ့ပေမယ့် Google ရဲ့ ကြော်ငြာလုပ်ငန်း၊ Cloud လုပ်ငန်းနဲ့ တခြားလုပ်ငန်းအားလုံးတော်တော်များများဟာ အတက်ပဲပြခဲ့တာကြောင့် အခုလို ဈေးကွက် အခြေအနေ ကောင်းခဲ့တာလည်း ဖြစ်ပါတယ်။

Google ရဲ့ လက်ရှိ စတော့ရှယ်ယာ ဈေးနှုန်းဟာ ရှယ်ယာတခုကို ၁၂၅၉ ဒဿမ ၂၂ ဒေါ်လာ တန်ဖိုးရှိပြီး၊ ဒေါ်လာ ၁၅၀၀ ကနေ အများဆုံး ဒေါ်လာ ၁၇၀၀ အထိတောင် ဆက်လက် မြင့်တက်သွားနိုင်ခြေ ရှိတယ်လို့ TradingAnalysis.com တည်ထောင်သူ Todd Gordon က ပြောကြားခဲ့ပါတယ်။ ဒီရှယ်ယာဈေးနှုန်းသာ တကယ်ရောက်သွားရင်တော့ Google ဟာ ၁ ထရီလျံ အပြင်ဘက်တောင် ကျော်သွားဦးမှာပါ။

Ref: CNBC, Tech Crunch

Loading