ဥရောပသမဂ္ဂ (EU) ဟာ Google ကို ဈေးကွက် မျှတစွာ မယှဉ်ပြိုင်မှုကြောင့် စံချိန်တင် အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ဒဏ်ရိုက်ခဲ့တာ ရက်ပိုင်းပဲရှိသေးပါတယ်။ ယခုအခါလည်း နောက်ထပ် နည်းပညာကုမ္ပဏီ ၄ ခုကို Price-fixing (ပူးပေါင်း ဈေးညှိရောင်းချမှု) ကြောင့် ထပ်မံ ဒဏ်ရိုက်လိုက်ပြန်ပြီ ဖြစ်ပါတယ်။
ဒဏ်ရိုက်ခံရတဲ့ ကုမ္ပဏီ ၄ ခုကတော့ “ASUS, Philips, Denon & Marantz နဲ့ Pioneer” ကုမ္ပဏီတို့ ဖြစ်ပြီး၊ အွန်လိုင်းရောင်းချသူ ကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ သူတို့ပစ္စည်းတွေကို ဈေးညှိ ရောင်းချမှုကြောင့် EU က ဒဏ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီ ၄ ခုကြား ပူးပေါင်း ဈေးညှိတာမျိုးတော့ မရှိပေမယ့်၊ ၄ ခုစလုံးရဲ့ လုပ်ရပ်ဟာ Price-fixing ဥပဒေကို ချိုးဖောက်နေတာကြောင့် တခါတည်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီ ၄ ခုစလုံးကလည်း သူတို့ပစ္စည်းတွေ ဈေးအမြဲမြင့်တက်နေဖို့အတွက် Online Retailer တွေရဲ့ ဈေးနှုန်း သတ်မှတ်ချက်တွေကို ဝင်ရောက်စွက်ဖက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ဝန်ခံထားပါတယ်။
ASUS, Philips အပါအဝင် ကုမ္ပဏီ ၄ ခုဟာ သူတို့ထုတ်ကုန် ပစ္စည်းတွေကို သူတို့သ တ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းသာ Online Retailers တွေကို ရောင်းချခွင့် ပြုထားပြီး၊ မလိုက်နာပါက ခြိမ်းခြောက်မှုတွေနဲ့ လက်တွဲဖြုတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ EU သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ASUS ဟာ ဂျာမနီနဲ့ ပြင်သစ်မှာရှိတဲ့ အွန်လိုင်းလက်လီ ရောင်းချသူတွေကို သူ့Laptops နဲ့ Display တွေကို သတ်မှတ် အရောင်းနှုန်းအောက် ရောင်းမချဖို့အတွက် စွက်ဖက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Denon and Marantz ကုမ္ပဏီကလည်း Headphones တွေနဲ့ စပီကာတွေကို ဂျာမနီနဲ့ နယ်သာလန်တို့မှာ ဈေးမြှင့်ရောင်းချမှုတွေ ပြုလုပ်ခဲ့ပြီး၊ Philips ကလည်း ပြင်သစ်နိုင်ငံမှာ မီးဖိုချောင်သုံး ပစ္စည်းကစလို့ လျှပ်စစ် သွားတိုက်တံအထိ အလားတူ ဈေးညှိမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ကုမ္ပဏီ ၄ ခုထဲမှာ Pioneer ကတော့ ဈေးကွက်အရေအတွက်နဲ့ ယှဉ်မယ်ဆိုရင် အဆိုးရွားဆုံးဖြစ်ပြီး UK အပြင် EU အဖွဲ့ဝင် ၁၂ နိုင်ငံမှာပါ အလားတူလုပ်ရပ်တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီ ၄ ခုရဲ့ EU ဥပဒေချိုးဖောက်မှုလုပ်ရပ်တွေဟာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ကြားထဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ကုမ္ပဏီ ၄ ခုစလုံးဟာ ယခုအမှုမှာ EU နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် အခုနောက်ဆုံး ချမှတ်လိုက်တဲ့ ဒဏ်ကြေးဟာ မူလဒဏ်ကြေးထက် ၄၀ ရာခိုင်နှုန်းလောက် လျော့သွားခဲ့ပါတယ်။ ဒဏ်ကြေးအများဆုံးပေးရမှာကတော့ ASUS ဖြစ်ပြီး၊ ဒေါ်လာ ၇၄ ဒဿမ ၄ သန်း ပေးဆောင်ရမှာပါ။ Philips က ဒေါ်လာ ၃၄ ဒဿမ ၉ သန်း၊ Pioneer က ဒေါ်လာ ၁၁ ဒဿမ ၉ သန်းနဲ့ Denon and Marantz က ဒေါ်လာ ၉ သန်း အသီးသီး ပေးဆောင်ရမှာ ဖြစ်ပါတယ်။
Ref: The Verge, Engadget