YouTube ကို Chrome browser ကနေ ကြည့်မယ်ဆိုရင် Mozilla Firefox နဲ့ Microsoft Edge browser တို့ထက် ၅ ဆ ပိုမိုမြန်ဆန်ကြောင်း Mozilla မှ တာဝန်ရှိသူတဦးက ပြောကြား လိုက်ပါတယ်။
Mozilla ဖောင်ဒေးရှင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ မန်နေဂျာဖြစ်သူ Chris Peterson က YouTube ဟာ တခြား browser တွေမှာ Page Load Time ၅ ဆအထိ နှေးကွေးရတဲ့ အကြောင်းရင်းဟာ မကြာသေးခင်က ပြောင်းလဲခဲ့တဲ့ YouTube ဒီဇိုင်းအသစ်နဲ့လည်း ဆိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
Google ဟာ လွန်ခဲ့တဲ့နှစ်တုန်းက YouTube ကို Polymer library နဲ့ Material Design ပုံစံ ပြောင်းလဲခဲ့ပြီး အဆိုပါ ပြောင်းလဲမှုကြောင့် တခြား browser တွေမှာ စွမ်းဆောင်ရည် ပိုဆိုးရွား သွားခဲ့တာလို့ Peterson က ဆိုပါတယ်။
Google ဟာ အဆိုပါ ဒီဇိုင်းပြောင်းလဲမှုမှာ တခြား Browsers တွေမှာ မသုံးထားဘဲ Chrome တခုတည်းမှာပဲ အသုံးပြုထားတဲ့ Shadow DOM v0 API အဟောင်းကို အဓိက အသုံးပြုခဲ့တာကြောင့် အခုလို မြန်နှုန်းကွာဟချက်တွေ ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။
Firefox, Microsoft Edge browser တို့ဟာ Shadow DOM v1 ကို သူတို့ Browser တွေမှာ Support ပေးဖို့လုပ်နေတဲ့အချိန်မှာ Google က v1 ကို သုံးလို့ ရရဲ့သားနဲ့ မသုံးဘဲ v0 ကိုပဲ ဆက်လက် သုံးနေတာဖြစ်တယ်လို့ Peterson က ဝေဖန်ထားပါတယ်။ Google ဘက်ကတော့ အခုဝေဖန်မှုတွေနဲ့ပတ်သတ်ပြီး အကြောင်းပြန်ကြားခြင်းမျိုး ယခုအချိန်ထိ မရှိသေးပါဘူး။
“ကျနော့် Laptop မှာ အခု YouTube ဒီဇိုင်းအသစ်နဲ့ ကြည့်မယ်ဆိုရင် Page တက်လာဖို့ ၅ စက္ကန့် အထိ ကြာမြင့်ပါတယ်။ Polyfill မတိုင်ခင် ဒီဇိုင်းအဟောင်းနဲ့ ကြည့်မယ်ဆိုရင်တော့ ၁ စက္ကန့်ပဲ ကြာမြင့်ပါတယ်။” လို့ Peterson က Twitter မှာ ရေးသားခဲ့ပါတယ်။
YouTube Page တက်တာ ပိုမြန်စေချင်တဲ့သူတွေအနေနဲ့ YouTube အရင် ဒီဇိုင်းအဟောင်းကို “YouTue Classic” ဆိုတဲ့ အခု Firefox Addon သွင်းပြီး ပြောင်းလဲကြည့်ရှုနိုင်ကြောင်း သူက အကြံပေးထားပါတယ်။
Microsoft Edge မှာဆိုရင်တော့ Microsoft Store ကနေ Tampermonkey for Edge ကို Download ပြုလုပ်ပြီး၊ User Script တခု Download ဆွဲကာ YouTube အရင်ဒီဇိုင်းနဲ့ ပြန်ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: Gadgets NDTV, 9to5Google