IT

Huawei ဖုန်း တချို့ကို Download ပိတ်လိုက်တဲ့ VLC

လူသုံး အများဆုံး Media Player တခု ဖြစ်တဲ့ VLC ရဲ့ Developer တွေဟာ Huawei ဖုန်းတွေကို Play Store မှာ blacklist ထည့်လိုက်ပြီ ဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့က ကြေညာခဲ့ပါတယ်။

VLC ရဲ့ လုပ်ဆောင်ချက် တခုကို စိတ်တိုင်းမကျတဲ့ Huawei အသုံးပြုသူ အများအပြားဟာ VLC App ကို Google Play Store မှာ ကြယ်တပွင့်ပဲ ဝိုင်းပေးခဲ့ကြတာကြောင့် Huawei ဖုန်းတွေကို Blacklist ထည့်လိုက်တာ ဖြစ်ပါတယ်။

အခုလို Blacklist ထည့်လိုက်တာကြောင့် ယနေ့ကစပြီး Huawei ဖုန်းတွေအနေနဲ့ VLC App ကို Play Store မှာ Download ရယူလို့ရမှာ မဟုတ်ပါဘူး။ Huawei ဖုန်းအကုန်လုံးကို ပိတ်လိုက်တာတော့ မဟုတ်ဘဲ၊ မော်ဒယ်အသစ် ဖုန်းတချို့ကိုပဲ ရွေးပြီး ပိတ်လိုက်တာပါ။

VLC ရဲ့ Tweet အရ Huawei ဟာ ဘက်ထရီ ပိုခံအောင် လုပ်ပေးတဲ့အနေနဲ့ သူ့ဖုန်း ဝယ်ကတည်းက တခါတည်းပါတဲ့ Apps တွေက လွဲရင် တခြား App တွေကို Background မှာ Run ခွင့် လုံးဝ မပေးဘဲ ပိတ်ပစ်တာကြောင့် VLC ရဲ့ background audio playback လုပ်ဆောင်ချက်လည်း သုံးမရ ဖြစ်ခဲ့ကြောင်း ရှင်းပြထားပါတယ်။

Huawei EMUI ရဲ့ယခု Optimization ကြောင့် ဖုန်း Screen ပိတ်သွားတာနဲ့ VLC နဲ့ သီချင်း ဖွင့်ထားတာပါ အလိုလို ပိတ်သွားပြီး၊ ဒီအချက်ကို မကျေနပ်တဲ့ Huawei အသုံးပြုသူ အချို့ဟာ VLC App ကို one-star ဝိုင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

အသုံးပြုသူတွေအနေနဲ့ Huawei Battery Optimization ကို Settings မှာ မိမိဘာသာ သွားရောက် ပိတ်ပစ်နိုင်ပေမယ့်၊ အသုံးပြုသူ တော်တော်များများက မလုပ်တတ်ကြလို့ အဆိုပါ စနစ်ပါတဲ့ Huawei ဖုန်းတွေကို တခါတည်း Ban ပစ်လိုက်တာဖြစ်တယ်လို့ VLC က ပြောကြားခဲ့ပါတယ်။

VLC ရဲ့ Blacklist ထဲပါတဲ့ Huawei ဖုန်းမော်ဒယ်တွေမှာ Huawei P8, P10, P20 မော်ဒယ်တွေ ပါတယ်လို့ သိထားရပါတယ်။ တခြား ဘယ်မော်ဒယ်တွေ ပါသေးလဲဆိုတာတော့ အတိအကျ မသိရပါဘူး။ ပိတ်ခံထားရတဲ့ ဖုန်းမော်ဒယ် ကိုင်သူတွေအနေနဲ့ VLC App ကို သုံးချင်သေးတယ်ဆိုရင် VLC website မှာ APK လာရောက် ရယူနိုင်တယ်လို့တော့ VLC အဖွဲ့က နောက်ထပ် Tweet တခုမှာ ပြောထားပါတယ်။

“သာမန် Android လုပ်ဆောင်ချက်တွေကို ပိတ်ပစ်တာက နည်းလမ်းတော့ မကျပါဘူး။ ဘက်ထရီ ခံချင်သပ ဆိုရင် App တွေ အကုန်လုံးကို အပြီးပိတ်၊ ဖုန်းပါပိတ်လိုက်မယ်ဆိုရင် ဘက်ထရီ ပိုတောင်ခံဦးမယ်” လို့ VLC က မကျေမနပ် ပြောထားပါတယ်။

ယခုကိစ္စနဲ့ ပတ်သတ်ပြီး နည်းပညာသတင်းဌာန တော်တော်များများက Huawei ကို ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

Ref: The Verge, GSM Arena, Gadgets NDTV

Loading