IT

PC အသုံးပြုနေစဉ် Updates လုပ်တာတွေ အလိုအလျောက် ပိတ်ပေးမယ့် Windows 10

Windows 10 မှာ အသုံးပြုတွေ အများဆုံး စောဒက တက်ကြတဲ့ အချက်တခုကတော့ Updates တွေကို Download လုပ်ပြီးသွားရင် ကွန်ပျူတာသုံးနေတဲ့အချိန်မှာတောင် မပြောမဆို Restart ချပစ်တဲ့ အကျင့်တခု ဖြစ်ပါတယ်။

Microsoft ဘက်က ဒီအခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့အတွက် Snooze Installation လိုမျိုး Feature အသစ်တွေ၊ Restart မလုပ်ခင် Notification တွေ ထည့်ပေးခဲ့ပေမယ့် ထင်သလောက် အဆင်မပြေခဲ့ဘူးလို့ ဆိုရမှာပါ။ Windows Settings ထဲအထိ သေချာ လိုက်မကြည့်ဖြစ်တဲ့ အသုံးပြုသူတွေဆို ပိုဒုက္ခ ရောက်ရပါတယ်။

ဒါပေမယ့် အခုတော့ Microsoft ဟာ ဒီလို ပြဿနာတွေကို အပြီးသတ် ဖြေရှင်းဖို့အတွက် ပိုမိုအဆင့်မြင်တဲ့ အလိုအလျောက် စနစ် အသစ်တခုကို လုပ်ဆောင်ပြီးပြီလို့ သိရပါတယ်။

“ခင်ဗျားတို့ မကျေနပ်ချက်တွေကို ကျနော်တို့ ကြားပါတယ်။ ဒီဒုက္ခတွေ ပပျောက်စေဖို့အတွက် ကျနော်တို့ရဲ့ Updates သွင်းတဲ့ Reboot Logic ကို ပြင်ဆင်လိုက်ပါပြီ။ ပိုပြီးအဆင်ပြေ၊ ထိရောက်တဲ့ စနစ်အသစ်တခုပါ” လို့ Microsoft’s Windows Insider အကြီးအကဲ Dona Sarkar က Blog ကနေတဆင့် ပြောကြားခဲ့ပါတယ်။

Microsoft က အသုံးပြုမယ့် ယခု Update Installation စနစ်အသစ်ဟာ Machine Learning နည်းပညာကို အသုံးချကာ Updates တွေ Download လုပ်ပြီးသွားရင် ကွန်ပျူတာကို ဘယ်အချိန်မှာ Restart ချဖို့ အသင့်တော်ဆုံးဖြစ်မလဲ ဆိုတာကို အလိုအလျောက် ခန့်မှန်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Restart မချပစ်ခင်မှာ User အနေနဲ့ ကွန်ပျူတာကို အခု သုံးနေလား၊ မသုံးနေဘူးလားဆိုတာကိုပါ အလိုအလျောက်စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။

သုံးနေရင် လုံးဝ Restart ချပစ်တော့မှာ မဟုတ်ပါဘူး။ ဒီထက် ပိုကောင်းသွားတဲ့ အချက်တခုက အသုံးပြုသူအနေနဲ့ ကွန်ပျူတာရှေ့က ထပြီး ခဏလေး ကော်ဖီသွားဖျော်နေလို့ ကွန်ပျူတာက inactive ဖြစ်သွားရင်တောင် ယခုစနစ်က ခဏလေး ထသွားတာလား၊ ပြန်လာသုံးဦးမှာလား ဆိုတာကိုပါ ခန့်မှန်းပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Microsoft ဟာ ယခုစနစ်အသစ်ကို ကုမ္ပဏီအတွင်းမှာ စမ်းသပ်လျက်ရှိပြီး၊ စိတ်ကျေနပ်စရာ ရလဒ်တွေ ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။ ယခု Feature အသစ်ကို Windows Insiders ပရိုဂရမ် ဝင်ထားသူတွေအနေနဲ့ လွန်ခဲ့တဲ့ ၃ ရက်၊ ဇူလိုင် ၂၅ ရက်နေ့ကမှ ထွက်ရှိထားတဲ့ နောက်ဆုံး Windows Update “ 19H1 builds” မှာ စတင်စမ်းသပ်အသုံးပြုနိုင်ပါပြီ။

တကယ် ထိရောက်မှုရှိမရှိ ဆိုတာကိုလည်း Users တွေဘက်က အကြောင်းပြန်ကြားပေးဖို့ Microsoft က တောင်းဆို ထားပါတယ်။ ယခုစနစ်ဟာ Cloud အခြေပြုစနစ်ဖြစ်တာကြောင့် Microsoft ဘက်က ဒီစနစ်ကို ပိုကောင်းအောင် Update လုပ်မယ်ဆိုရင် အချိန်အနည်းငယ်အတွင်း အားလုံးဆီမှာ Update လုပ်ပေးနိုင်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ – Windows 10 ရဲ့ Fresh Start ကို အသုံးပြုပြီး လွယ်ကူစွာ Windows အသစ် ပြန်တင်ကြမယ်

Windows 10 မှာ အားသွင်းကြိုးတပ်ထားပေမယ့် Charging မဝင်တဲ့ ပြဿနာ

Ref: The Verge, Microsoft

Loading