IT

Fortnite for Android ကို Samsung Galaxy Note 9 သီးသန့် စတင်ထုတ်ပေးဖွယ်ရှိ

Samsung ဟာ မကြာခင်မိတ်ဆက်မယ့် Galaxy Note ဖုန်းတွေနဲ့မတူဘဲ မားကတ်တင်းတမျိုး ပြောင်းပြီး မိတ်ဆက်သွားနိုင်ဖွယ် ရှိပါတယ်။

Battle Royale မိုဘိုင်းဂိမ်းတွေ ခေတ်စားလာတာနဲ့ အညီ၊ Samsung ဟာ မကြာခင် Android မှာ ထွက်ဖို့ရှိနေတဲ့ Fortnite for Android ဂိမ်းကို Galaxy Note 9 အတွက် သီးသန့် ထုတ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

သြဂုတ်လ ၉ ရက်နေ့ Galaxy Note 9 မိတ်ဆက်ပွဲမှာပဲ Fortnite for Android ကို Epic Games နဲ့ Samsung တို့ ပူးတွဲကြေညာသွားမှာဖြစ်ပြီး၊ Note 9 မှာ ဒီဂိမ်းကို တခါတည်း ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လူစိတ်ဝင်စားမှု ပိုမိုရရှိပြီး၊ Note 9 ရောင်းကောင်းဖို့အတွက် Fortnite ကို Note 9 မှာပဲ ရက် ၃၀ လောက် သီးသန့် ထုတ်ပေးထားမှာလည်း ဖြစ်တယ်လို့ “9to5Google နဲ့ XDA Developers” သတင်းမီဒီယာ ၂ ခုလုံးက တပြေးညီ ပြောကြားထားပါတယ်။

Note 9 Pre-Order မှာယူတွေကို လက်ဆောင်ပေးတဲ့အနေနဲ့ Fortnite ရဲ့ V-Bucks တွေ၊ Player Skins နဲ့ အလားတူ Bonus တွေကိုလည်း ထုတ်ပေးသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Samsung ဟာ Gaming ဦးစားပေးထားတဲ့ ဖုန်းတလုံးကို ထုတ်လုပ်ဖို့ရှိတယ်လို့ သတင်းတွေနဲ့ အခု Fortnite ဂိမ်းဦးစားပေး မားကတ်တင်းတွေ ယှဉ်ကြည့်မယ်ဆိုရင် Note 9 ဟာ အခုတခေါက်မှာ Gaming ဖုန်းပုံစံ အနေနဲ့ ထွက်လာနိုင်တာ တွေ့ရမှာပါ။

Samsung ကိုယ်တိုင်က S-Pen မှာ အမိုက်စား Feature သစ်တွေ ပါလာလိမ့်မယ်လို့ အတည်ပြုထားတာ ကြောင့် ကုမ္ပဏီအနေနဲ့ S Pen လုပ်ဆောင်ချက်တခုကို ဂိမ်းမှာရအောင် ထည့်သွင်းထားနိုင်ပုံပါပဲ။

ယခုပုံစံအရဆိုရင် Fortnite for Android ကို တခြား Android ဖုန်းတွေမှာလည်း ဆော့ကစားနိုင်ဖို့ အတွက် ထပ်စောင့်ရဦးမယ့် အနေအထားပါပဲ။

Galaxy Note 9 ကို သြဂုတ်လ ၉ ရက်နေ့မှာ မိတ်ဆက်ပြီး၊ သြဂုတ်၂၄ ရက်နေ့မှ စတင်ရောင်းချမှာ ဖြစ်တဲ့ အတွက် Note 9 မှာပဲ နောက်ထပ် ၁ လရဦးမယ်ဆိုရင် စက်တင်ဘာအကုန်လောက်မှ တခြား Android ဖုန်းတွေမှာ ရပါလိမ့်မယ်။

Ref: The Verge, GSM Arena

Loading