Apple ဟာ MacBook ကနေ iPhone ကို ကြိုးမဲ့ အားသွင်းပေးနိုင်တဲ့ နည်းပညာသစ်တမျိုးကို မူပိုင်ခွင့်တင်လိုက်ပြီ ဖြစ်ပါတယ်။
“Inductive Charging Between Electronic Devices” လို့ ခေါင်းစဉ်တပ်ထားတဲ့ Apple မူပိုင်ခွင့်အသစ်ကို အမေရိကန် မူပိုင်ခွင့်ရုံးက ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး၊ ကြိုးမဲ့အားသွင်းစနစ်အတွက် Apple ရဲ့ အနာဂတ် အစီအစဉ်တွေကို စိတ်ဝင်စားဖွယ် တွေ့မြင်ရမှာပါ။
အီလက်ထရောနစ် ပစ္စည်းများအကြား “လျှပ်စစ်သံလိုက် စွမ်းအင်ဖြင့် အားသွင်းခြင်း”လို့ အမည်ရတဲ့ အဆိုပါ မူပိုင်ခွင့်ဟာ လက်ရှိ အသုံးပြုနေတဲ့ Inductive Coils တွေကိုပဲ အဓိကအသုံးချထားတဲ့ နည်းပညာတခုပါ။ ဒါပေမယ့် လက်ရှိကြိုးမဲ့ အားသွင်းစနစ်တွေမှာလို အဝင်နဲ့ အထွက် (Sender & Receiver) ဆိုပြီး ကွိုင်နှစ်မျိုး အသုံးပြုမှာမဟုတ်ဘဲ လျှပ်စစ်အား အဝင်ကော အထွက်ကိုပါ Inductive Coils တမျိုးတည်းနဲ့ အသုံးပြုနိုင်ဖို့ Apple က ကြံစည်ထားတာတွေ့ရပါတယ်။
ရှင်းအောင်ပြောရရင်တော့ MacBook ကနေ iPhone ဖြစ်ဖြစ် ဒါမှမဟုတ် iPad ကနေ Apple Watch ဖြစ်ဖြစ် Apple ပစ္စည်းတွေ တခုနဲ့တခု အပြန်အလှန် အားသွင်းပေးနိုင်မယ့် နည်းပညာမျိုးပါ။
မူပိုင်ခွင့်ပါ ဓာတ်ပုံတွေအရဆိုရင် iPhone တလုံးကို ပက်လက်အနေအထားနဲ့ iPad Display ပေါ် တင်ထားပေးရုံနဲ့ ကြိုးမဲ့အားသွင်းနိုင်မှာကို တွေ့မြင်ရမှာပါ။
Apple ဟာ အဆိုပါ Inductive Coils တွေကို MacBooks ရဲ့ Tackpad တဖက် တချက်စီမှာလည်း ထည့်သွင်းဖို့ စီစဉ်ထားပြီး၊ iPhone, Apple Watch စတဲ့ Devices နှစ်ခုလုံးကို MacBook ပေါ် တင်လိုက်ရုံနဲ့ တပြိုင်နက် အားသွင်းနိုင်ဖို့ အထိ ရည်ရွယ်ထားတာ တွေ့မြင်ရပါတယ်။
Apple ဟာ သာမန်ကြိုးမဲ့အားသွင်းစနစ်ကို iPhone 8, iPhone X နဲ့ Apple Watch တို့မှာ ထည့်သွင်းပေးပြီး ဖြစ်ပေမယ့်၊ iPad နဲ့ MacBook တို့မှာတော့ မပါဝင်သေးတဲ့အတွက် ယခု နည်းပညာသစ်ကို မကြာမီ မြင်နိုင်ဖို့ကတော့ အလားအလာ မရှိပါဘူး။
ဒီနည်းပညာကို Apple Device အကုန်လုံးမှာ ထည့်သွင်းမယ်ဆိုရင်လည်း Inductive ကွိုင်တွေရဲ့ လက်ရှိအလုပ်လုပ် ပုံနည်းလမ်းတွေကိုပါ ဆန်းသစ်နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ လိုအပ်သေးရင် iPhone, iPad တွေရဲ့ Hardware တွေကိုပါ ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် Apple အတွက် နည်းနည်းတော့ အန္တရာယ်ကြီးပါတယ်။ ဒါမှမဟုတ် ကွိုင်တခုတည်း မထည့်ဘဲ Device တခုမှာ ကွိုင်နှစ်ခု ထည့်ပြီး သုံးမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။
အခုလိုမျိုး နည်းပညာအသစ်အဆန်းတွေကို Apple အပါအဝင် နည်းပညာကုမ္ပဏီ တော်တော် များများက သူ့ထက်ငါ ဦးအောင် မူပိုင်ခွင့် တင်လေ့ ရှိပေမယ့်၊ မူပိုင်ခွင့်တိုင်းကို အကောင်အထည် ဖော်နိုင်တာမျိုး မရှိတဲ့အတွက် ယခု Apple မူပိုင်ခွင့်ကလည်း စာရွက်ပေါ်မှာပဲ ဇာတ်သိမ်းသွားနိုင်ခြေ ရှိပါတယ်။
Ref: Apple Insider, Gadgets NDTV