စမတ်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ Xiaomi ဟာ အခုအခါမှာလည်း စမတ်အမှိုက်ပုံး တမျိုးကို ထပ်မံ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Xiaomi ရဲ့ ရန်ပုံငွေရှာရေး Website ဖြစ်တဲ့ YouPin ကနေ မိတ်ဆက်ခဲ့တဲ့ ယခု စမတ်အမှိုက်ပုံးဟာ အမှိုက်တွေကို သူ့အလိုလို သွားလွှင့်ပစ်ပေးနိုင်တဲ့ စက်ရုပ် အမှိုက်ပုံးမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အသုံးပြုသူတွေ နှစ်ခြိုက်မယ့် အလိုအလျောက် လုပ်ဆောင်ချက်တွေ ပါရှိတဲ့ စမတ် အမှိုက်ပုံး ဖြစ်ပါတယ်။
စမတ်အမှိုက်ပုံးရဲ့ ပထမဆုံး စမတ် လုပ်ဆောင်ချက်ကတော့ အမှိုက်ပုံး အဖုံးနားကို လက်ကပ်လာပြီ ဆိုတာနဲ့ အဖုံးကို အလိုအလျောက်ဖွင့်ပေးမှာ ဖြစ်ပါတယ်။ အလိုအလျောက် ဖွင့်၊ ပိတ် ပေးနိုင်တဲ့ အဖုံးကို အသုံးပြုထားပေမယ့် လေလုံအောင် ပြုလုပ်ထားပြီး၊ အမှိုက် အနံ့အသက်တွေ ထွက်မှာ ပူစရာ မလိုဘူးလို့ သိရပါတယ်။
Xiaomi စမတ် အမှိုက်ပုံးရဲ့ နောက်ထပ် အမိုက်စား လုပ်ဆောင်ချက်တွေကတော့ ထည့်ထားတဲ့ အမှိုက်အိတ် ပြည့်သွားတာနဲ့ အိတ်ကို အလိုအလျောက် ထုပ်ပိုး ပိတ်ပေးသွားမှာ ဖြစ်ပါတယ်။ အသုံးပြုသူ ကိုယ်တိုင် အမှိုက်အိတ်ကို လက်နဲ့ ချည်နှောင်စရာ လိုမှာ မဟုတ်တဲ့အပြင် အိတ်ကို ပြောင်းပြန် လှန်ကိုင်နိုင်တဲ့အထိကို လုံခြုံစွာ ပိတ်ပေးနိုင်ပါတယ်။
ဒါ့အပြင် ပုံးထဲကနေ အမှိုက်အိတ်အဟောင်းကို ထုတ်သွားတာနဲ့ အသင့်ထည့်ထားတဲ့ နောက်ထပ် အမှိုက်အိတ်ကိုလည်း ပုံးအတွင်း အလိုအလျောက် လဲထည့်ပေးနိုင်မှာ ဖြစ်ပါတယ်။
Xiaomi စမတ်အမှိုက်ပုံးဟာ ၄၀၀ မီလီမီတာအမြင့်ရှိပြီး၊ အလေးချိန် ၃.၅ ကီလိုဂရမ်ရှိကာ၊ ၁၅.၅ လီတာ ဆံ့ဝင်ပါတယ်။ ၂၉ ဒေါ်လာပဲ ပေးရမှာဖြစ်တာကြောင့် အိမ်သုံး စမတ်ပစ္စည်းတွေကို နှစ်သက် ခုံမင်တဲ့လူတွေ အကြိုက်တွေ့မယ့် အမှိုက်ပုံးဖြစ်ပါတယ်။ YouPin ကနေ ယနေ့ပဲ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပြီး၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ စတင်ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref: Gadgets NDTV, BGR